အစ်ဝစ်ချ်နဲ့ပွဲမှာ အန်ဒရေဆန်းတို့စ်နဲ့ လုခ်ရှောကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဖို့ ကာရစ်ကို ရွန်နီ တိုက်တွန်း
မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက အစ်ဝစ်ချ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနည်းပြ ကာရစ်အနေနဲ့ ကွင်းလယ်ကစားသမား အန်ဒရေဆန်းတို့စ်နဲ့ နောက်ခံလူ လုခ်ရှောတို့ကို ပွဲထွက်ကစားသမားအဖြစ် အသုံးမပြုဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
အန်ဒရေဆန်းတို့စ်နဲ့ လုခ်ရှောတို့က ဟားလ်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ကြသူတွေဖြစ်ပြီး ရွန်နီက သူတို့ကို အစ်ဝစ်ချ်နဲ့ပွဲမှာ ပွဲထွက်စာရင်းက ဖယ်ရှားသင့်တယ်လို့ အကြံပြုခဲ့တာပါ။
''လုခ်ရှောကို ဖယ်ရှားပြီး ဒေါ်ဂူကို ဘယ်နောက်ခံနေရာမှာ အသုံးပြုခဲ့ရင် တိုက်စစ်အတွက် ပိုအားကောင်းသွားမှာပါ။ လုခ်ရှောအပေါ် ပွဲတိုင်းမှာ မှီခိုဖို့ မဖြစ်နိုင်တာကြောင့် တန်းတက်အသင်းနဲ့ အိမ်ကွင်းပွဲ ကစားရမယ့်အချိန်မှာ ဒေါ်ဂူကို အသုံးပြုသင့်ပါတယ်။ အန်ဒရေဆန်းတို့စ်နေရာကိုတော့ မိန်နူးကို သုံးချင်ပါတယ်'' လို့ ရွန်နီက ပြောကြားခဲ့တာပါ။
မန်ယူအသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ တန်းတက်နှစ်သင်းနဲ့ ဆက်တိုက်ရင်ဆိုင်ရတာကြောင့် ပွဲချောင်တယ်လို့ သတ်မှတ်ခဲ့ကြပေမဲ့ အဖွင့်ပွဲမှာ ဟားလ်စီးတီးကို (ဝ-၂)ဂိုးနဲ့ အရှုံးပေးခဲ့ရတာကြောင့် ဝေဖန်ပြစ်တင်သံတွေ ဆူညံသွားခဲ့ပါတယ်။
ဘရာဇီးလ်ကွင်းလယ်ကစားသမား အန်ဒရေဆန်းတို့စ်က ဒီနွေမှာမှ ချယ်လ်ဆီးကနေ မန်ယူကို ပေါင်(၄၈)သန်းနဲ့ ပြောင်းရွှေ့ပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့သူပါ။