ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ကို အက်စတွန်ဗီလာအသင်း ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းထား
အက်စတွန်ဗီလာအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်ကို ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက နီကိုလက်စ်ဂျက်ဆင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၆၅)သန်းလို့ သတ်မှတ်ထားပေမဲ့ အက်စတွန်ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ်ရှိကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက နီကိုလက်စ်ဂျက်ဆင်(၂၅ နှစ်)ကို ၂၀၂၃ နွေရာသီမှာ ဗီလာရီးယဲလ်ကနေ ပေါင်(၃၂)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၃၃ ခုနှစ်အထိ ရှိနေပါတယ်။
နီကိုလက်စ်ဂျက်ဆင်က ချယ်လ်ဆီးအသင်းမှာ (၈၁)ပွဲကစားကာ ဂိုး(၃၀) သွင်းယူထားသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက နီကိုလက်စ်ဂျက်ဆင်ကို ပေါင်(၇၀.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့လည်း သဘောတူညီမှုရယူခဲ့ပေမဲ့ ခေါ်ယူခြင်းမပြုခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဆီ ပြန်ရောက်လာခဲ့တာပါ။
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ဗီလာရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နီကိုလက်စ်ဂျက်ဆင်နဲ့ ပြန်လည်လက်တွဲဖို့ ရည်ရွယ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
နီကိုလက်စ်ဂျက်ဆင်ကို အငှားခေါ်ယူဖို့ အက်သလက်တီကိုအသင်းရဲ့ ကမ်းလှမ်းမှုကို ချယ်လ်ဆီးအသင်းက ငြင်းပယ်ခဲ့ပြီး အပြီးသတ်ရောင်းချဖို့သာ ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။