မန္တလေးတွင် ရဟန်း၊ သာမဏေ၊ သီလရှင် ပါး ၄၉,၆၀၀ ကျော်အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းရန် ဆောင်ရွက်လျက်ရှိ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မန္တလေးမြို့ပေါ် (၇) မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များကို ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းရန် ဆောင်ရွက်နေသည်။
လှူဒါန်းမည့်အရေအတွက်သည် စုစုပေါင်း ၄၉,၆၂၁ ပါးရှိပြီး ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကုလားပဲ စသည့် လှူဖွယ်ပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားတွင် မြို့နယ် (၇) မြို့နယ်ရှိ သံဃာတော်များနှင့် သီလရှင်များထံသို့ လှူဒါန်းဖွယ်ရာများ စနစ်တကျ ခွဲဝေလှူဒါန်းနိုင်ရေး၊ ပို့ဆောင်ရေးနှင့် ပွဲပြင်ဆင်ရေး လုပ်ငန်းစဉ်များကို အဓိကထား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ သာသနာ့တာဝန်များကို စိတ်အေးချမ်းသာစွာ ကျင့်ကြံပွားများနိုင်ရေးအတွက် ယခုကဲ့သို့ ဆွမ်းဆန်တော်နှင့် အခြေခံစားသောက်ကုန်များကို စုပေါင်းလှူဒါန်းရန် ပြင်ဆင်နေခြင်းလည်းဖြစ်သည်။