ခရင်မ္မလင်၌ မြန်မာ-ရုရှား သမ္မတနှစ်ဦးတွေ့ဆုံမှု လူမှုကွန်ရက်ပေါ်တွင် စိတ်ဝင်စားမှုမြင့်တက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် မော်စကိုမြို့ ခရင်မ္မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့မှုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာနှင့် X လူမှုကွန်ရက်တို့တွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် အကြောင်းအရာများအနက် ပါဝင်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် သမ္မတနှစ်ဦး တွေ့ဆုံမှု ရုပ်သံမှတ်တမ်းအတို (Reel) သည် ကြည့်ရှုမှု ၂.၆ သန်းကျော် ရရှိခဲ့ပြီး အဆိုပါစာမျက်နှာ၌ ယင်းကာလအတွင်း ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းများအနက် ကြည့်ရှုမှုမြင့်မားသည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
အလားတူ ဩဂုတ် ၁၈ ရက်က ခရင်မ္မလင်နန်းတော်၌ ပြုလုပ်ခဲ့သည့် သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ “Putin Hosts Myanmar Leader at Kremlin for Partnership Talks” ဟူသည့် အကြောင်းအရာသည် နောက်တစ်နေ့ ဩဂုတ် ၁၉ ရက်တွင် X လူမှုကွန်ရက်၌ သတင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီး ထိုအချိန်က စိတ်ဝင်စားမှုမြင့်တက်နေသည့် သတင်းအကြောင်းအရာများအနက် ပါဝင်ခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာသတင်းမီဒီယာများကလည်း သမ္မတနှစ်ဦးတွေ့ဆုံမှုနှင့် ခရီးစဉ်ဆိုင်ရာ သတင်းများကို ဆက်လက်ဖော်ပြခဲ့ကြသည်။
နိုင်ငံတော်သမ္မတ၏ ရုရှားခရီးစဉ်နှင့်ပတ်သက်သည့် သတင်းများအနက် သမ္မတနှစ်ဦး ခရင်မ္မလင်နန်းတော်၌ တွေ့ဆုံမှုသည် လူမှုကွန်ရက်အသုံးပြုသူများအကြား ထင်ရှားသည့် စိတ်ဝင်စားမှုရရှိခဲ့သည့် အကြောင်းအရာတစ်ခုဖြစ်ကြောင်း တွေ့ရသည်။