နယ်သာလန်နည်းပြရာထူးအတွက် တတိယဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ခြင်းကို ဂရုမစိုက်ကြောင်း ဇာဗီ ပြောကြား

နယ်သာလန်လက်ရွေးစင်အသင်းနည်းပြ ဇာဗီက လက်ရှိရာထူးအတွက် တတိယဦးစားပေးရွေးချယ်မှုဖြစ်ခဲ့ခြင်းကို ဂရုမစိုက်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
နယ်သာလန်ဘောလုံးအဖွဲ့ချုပ်က ဇာဗီကို လက်ရွေးစင်အသင်းရဲ့နည်းပြသစ်အဖြစ် သြဂုတ်(၁၂)ရက်မှာကတည်းက (၄)နှစ်စာချုပ်နဲ့ ခန့်အပ်ထားခဲ့ပေမဲ့ နည်းပြသစ်အဖြစ် မိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲကိုတော့ မနေ့ကမှ ပြုလုပ်ခဲ့တာပါ။
သတင်းစာရှင်းလင်းပွဲမှာ နယ်သာလန်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ နီဂျယ်လ်ဒီယွန်းက '' ရော်နယ်လ်ကိုးမန်းနေရာ အစားထိုးဖို့ ကျွန်တော်တို့ရဲ့ ပထမဦးစားပေးက ဂွါဒီယိုလာပါ။ ဒါပေမဲ့ သူက တစ်နှစ်လောက် အနားယူချင်ခဲ့ပါတယ်။ ဒုတိယဦးစားပေးက အာနယ်ဆလော့ဖြစ်ပြီး သူကလည်း ကလပ်အသင်းဘောလုံးလောကမှာပဲ ဆက်ရှိချင်ခဲ့ပါတယ်။ ဒါကြောင့် တတိယဦးစားပေးဖြစ်တဲ့ ဇာဗီကို ခန့်အပ်ခဲ့တာပါ'' လို့ ပြောကြားခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်ဆတ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်တဲ့ ဇာဗီက နယ်သာလန်အသင်းကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကိုင်တွယ်ရမှာဖြစ်ပြီး ၁၉၇၈ နောက်ပိုင်း နယ်သာလန်အသင်းရဲ့ ပထမဆုံးပြည်ပနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
''ဂွါဒီယိုလာရဲ့နောက်၊ ပြီးတော့ ဆလော့ရဲ့နောက် ဖြစ်ရတာ ဆိုးရွားတဲ့ ရပ်တည်မှုတော့ မဟုတ်ပါဘူး။ တတိယနေရာပါ။ အနည်းဆုံးတော့ ကျွန်တော်တို့ စင်မြင့်ပေါ် အတူရှိခဲ့ကြပါတယ်။ ဒါကို ကျွန်တော် ဂရုမစိုက်ပါဘူး'' လို့ ဇာဗီက ပြောကြားခဲ့ပါတယ်။
ဇာဗီက နယ်သာလန်နည်းပြဘ၀ ပွဲဦးထွက်အဖြစ် စက်တင်ဘာ(၂၄)မှာ ယာဂန်ကလော့ပ် ကိုင်တွယ်နေတဲ့ ဂျာမနီအသင်းနဲ့ Nations League ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

image