ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်က ငါးမွေးမြူရေးကန် ၃၅ ဒသမ ၈၆ ဧကကျော် ထိခိုက်ပျက်စီး
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ရေကြီးမှုကြောင့် ငါးမွေးမြူရေးကန် ၃၅ ဒသမ ၈၆ ဧကကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ဌာနအနေနဲ့ ရေကြီးမှုကြောင့် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ငါးမွေးမြူရေး လုပ်ကိုင်သူတွေကို ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ဌာနပိုင် ငါးသားပေါက်စခန်း လေးခုကနေ ငါးသားပေါက်တွေ ထောက်ပံ့ပေးမယ့်အပြင် ငါးမွေးမြူရေးလုပ်ငန်းလိုင်စင် ဆုံးရှုံးသွားပါကလည်း အသစ်ပြန်လည် ထုတ်ပေးသွားဖို့ လျာထားသလို ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက်လည်း ကူညီပေးသွားမယ်လို့ ဆိုပါတယ်။
“ရေကျသွားတဲ့အချိန် လုပ်ရမှာတွေက အများကြီးပဲ။ ကန်ပြန်ဖော်ရမယ်။ ကန်ထဲကျန်ခဲ့တဲ့ ရေဆိုးတွေ စုပ်ထုတ်ရမယ်။ ရွှံနွံတွေ ဖယ်ရမယ်။ ရေတိုက်စားပြီး ပြိုကျပဲ့ကျနဲ့ ပျက်စီးသွားတဲ့ ကန်သင်းစပ်တွေကို မြေပြန်ဖို့၊ သဲအိတ်တွေဖို့ပြီး ပြန်မြှင့်ရမယ်။ ရေဝင်၊ ရေထွက်ပေါက်တွေမှာ ပိုက်ကွန်တွေ တပ်ရမယ်။ ကန်ထဲကျန်နေခဲ့နိုင်တဲ့ ငါးရိုင်းတွေကိုလည်း ရှင်းရဦးမယ်။ ရေပြန်မဖြည့်ခင် ကန်အောက်ခြေမြေကြီးကို နေလှန်းပြီး ရောဂါပိုးမွှားတွေကင်းအောင် ထုံးထည့်ပေးရမယ်။ ပြန်လည် ထူထောင်ရေးအတွက်ဆို အကူအညီတွေ အများကြီးလိုပါတယ်” လို့ ငါးမွေးမြူရေး လုပ်ကိုင်သူတယောက်က ပြောပါတယ်။
လိုအပ်တာတွေကတော့ မြေဖို့ဖို့ မြေကြီးနဲ့ ကန်သင်းကာ ပိုက်ကွန်တွေ၊ ရေစပ်သတ်ဆေး (ဥပမာ - ရိုတီနုန်း) နဲ့ ပိုးသတ်နိုင်ဖို့ စိုက်ပျိုးရေး/မွေးမြူရေးသုံး ထုံး၊ ရေဩဇာထည့်ဖို့ ယူရီးယား၊ နုန်းကြမ်း (ဒါမှမဟုတ်) သဘာဝ တိရစ္ဆာန်အညစ်အကြေး မြေသြဇာတွေ၊ ငါးသားပေါက်အသစ်တွေနဲ့ ဖြည့်စွက်ငါးစာတွေလို့ သူက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ ငါးမွေးမြူရေးကန်ပေါင်း ဧက နှစ်သိန်းနှစ်သောင်းကျော်ရှိပြီး မြန်မာတနိုင်ငံလုံး ငါးမွေး မြူရေးဧရိယာရဲ့ သုံးပုံတပုံခန့် ရှိကာ ငါးမြစ်ချင်းကို အဓိကမွေးမြူကြပြီး ထွက်ရှိတဲ့ ငါးတွေကို ရန်ကုန်ကို အဓိက တင်ပို့တယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်မှာ ရေကြီးမှုကြောင့် ရပ်ကွက်ကြီး ငါးရပ်ကွက်နဲ့ ကျေးရွာ ၁၃၈ ရွာ၊ အိမ်ထောင်စု ၉၀၀၀ ကျော်၊ လူဦးရေ လေးသောင်းနီးပါး ရေဘေးသင့်နေကာ ကယ်ဆယ်ရေးစခန်း ၁၇ ခု ဖွင့်ထားရတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။