5 ရက် - ဘာသာပြန်ပါ။

ဂရီးလစ်ရှ် လမ်းခွဲဖွယ်ရှိနေသေးကြောင်း မာရက်စကာ ပြောကြား

မန်စီးတီးနည်းပြ မာရက်စကာက ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂရီးလစ်ရှ်ကို လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပေမဲ့ အသင်းမှာ အနာဂတ်မသေချာကြောင်းနဲ့ လမ်းခွဲဖွယ်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာကနေ ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူခဲ့ပေမဲ့ ၂၀၂၃-၂၄ ရာသီစကပြီး ပွဲထွက်ခွင့်ရဖို့ ရုန်းကန်လာရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာတော့ အဲဗာတန်အသင်းဆီ အငှားချခံခဲ့ရပြီး အခု ရာသီကြိုကာလမှာမှ မန်စီးတီးအသင်းကို ပြန်ရောက်လာခဲ့တာပါ။
ဂရီးလစ်ရှ်အနေနဲ့ ၂၀၂၅ မေလတုန်းက ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရပြီးနောက်ပိုင်း မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ကစားခွင့်မရတော့တာကြောင့် မနေ့က ဘုန်းမောက်နဲ့ပွဲမှာ ကစားခွင့်ရခဲ့ခြင်းက ရက်ပေါင်း(၄၆၀)ကြာမှ မန်စီးတီးအသင်းနဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲ ပြန်ကစားခွင့်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ဒီရာသီ မန်စီးတီးအသင်းမှာ ဂရီးလစ်ရှ် အခွင့်အရေးပြန်ရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပြီး မာရက်စကာကို မေးမြန်းခဲ့ရာမှာ ''သူ ဒီမှာ ရှိနေတဲ့ နောက်ဆုံးနေ့အထိ သူ့ကို နည်းပြအဖြစ် ကိုင်တွယ်ဖို့နဲ့ သူ့ဆီက အကောင်းဆုံးခြေစွမ်းကို ရယူနိုင်အောင် ကြိုးစားဖို့က ကျွန်တော့်တာဝန်ပါ။ အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့က တစ်ပတ်လိုပါသေးတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ဂျက်(ဂရီးလစ်ရှ်)တစ်ယောက်တည်းကို မဟုတ်ပါဘူး။ တခြားကစားသမားတွေကိုလည်း စောင့်ကြည့်ရမှာပါ'' လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

image