မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအမည်နဲ့ Logo ပြောင်းလဲကြောင်း MFF ထုတ်ပြန်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီကစပြီး မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအမည်ကို MYANMAR League (M League) အမည်နဲ့ ပြိုင်ပွဲအမှတ်တံဆိပ် (Logo) ပြောင်းလဲလိုက်ကြောင်းကို ယနေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference ကို ယနေ့နေ့လယ် (၁) နာရီက ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ယခင် မြန်မာနေရှင်နယ်လိဂ် (MNL) အမည်အစား MYANMAR League (M League) အဖြစ် အမည်ပြောင်းလဲလိုက်ကြောင်းနဲ့ ပြိုင်ပွဲအမှတ်တံဆိပ် (Logo) ကိုလည်း အသစ်ပြင်ဆင်ရေးဆွဲပြောင်းလဲလိုက်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ကိုလည်း ယခင် "For The League...For The Nation" အစား ယခုအခါ "ONE Nation.... ONE League" ဆိုပြီး ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို အသင်း (၁၂) သင်းဖြစ်တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီး၊ ISPE၊ ချင်းလန့်အသင်းတို့နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို သြဂုတ် (၂၈) ရက်ကစပြီး နှစ်ကျော့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ယခု ၂၀၂၆- ၂၀၂၇ ရာသီ ​M League ပြိုင်ပွဲကို ရှမ်းယူနိုက်တက်အသင်းက တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၊ ရန်ကုန်ယူနိုက်တက်အသင်းက ရန်ကုန်မြို့ရှိ YUSC ကွင်း၊ ရတနာပုံအသင်းက မန္တလေးမြို့ရှိ ဗထူးကွင်း၊ ဧရာဝတီယူနိုက်တက်အသင်းက ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၊ ဟံသာဝတီယူနိုက်တက်အသင်းက ပဲခူးမြို့ရှိ Grand Royal ကွင်း၊ ISPE အသင်းက သန်လျင်သီဟဒီပကွင်း၊ ရန်ကုန်စီးတီးအသင်းက ရန်ကုန်မြို့ရှိ ပဒေသာကွင်းတို့ကို အိမ်ကွင်းများအဖြစ် လက်ခံကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အိမ်ကွင်း လက်ခံကျင်းပနိုင်ခြင်း မရှိတဲ့ အသင်းများအတွက် MFF က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းမှာ အိမ်ကွင်းပွဲများအဖြစ် လက်ခံကျင်းပပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

image