မနက်ဖြန် တာမွေအပါအဝင် ရန်ကုန်မြို့နယ် ၁၆ ခု၌ လေးနာရီခန့် ရေယာယီပြတ်တောက်နိုင်
တာမွေအပါအဝင် ရန်ကုန်မြို့နယ် ၁၆ ခုတွင် မနက်ဖြန် (ဩဂုတ် ၂၄ ရက်) နံနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ လေးနာရီခန့် ရေယာယီပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အသိပေးထားသည်။
လှော်ကားရေလှောင်ကန်ဝင်းအတွင်းရှိ ၃၃ ကေဗွီ လှော်ကား–ရွာမ BA-BB ဓာတ်အားလိုင်း တာဝါတိုင်များပေါ်တွင် တွယ်ကပ်ပေါက်ရောက်နေသည့် နွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းရန် လျှပ်စစ်ဓာတ်အား ခေတ္တဖြတ်တောက်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းကာလအတွင်း လှော်ကားရေတွန်းစက်ကြီးများကို ယာယီရပ်နားထားမည်ဖြစ်သည်။
ယင်းကြောင့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် ရေပေးဝေမှု ယာယီပြတ်တောက်ခြင်း သို့မဟုတ် ရေအားကျဆင်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါမြို့နယ်များရှိ ပြည်သူများအနေဖြင့် လိုအပ်သည့်ရေကို ကြိုတင်စုဆောင်းထားကြရန် YCDC က အသိပေးနှိုးဆော်ထားသည်။