မူးမြစ်ရေကြီးမှုကြောင့်ပျက်စီးခဲ့ရသည့် မန္တလေး-စစ်ကိုင်း-မုံရွာသွားကားလမ်းမကြီးအားပြုပြင်နေ
စစ်ကိုင်းတိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ရေကြီး၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော မန္တလေး-စစ်ကိုင်း-မုံရွာသွကားကားလမ်းမကြီးအား ရေပြန်လည်ကျဆင်းသွားချိန်တွင် စစ်ကိုင်းခရိုင်လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရွှေတောင်ဟိုက်ဝေးကုမ္ပဏီက ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။
ယင်း လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၅/၁ မှ ၂၅/၂ ကြား ဘယ်ဘက်ခြမ်းတွင် (၄၉၈)စတုရန်းပေ၊ ညာ ဘက်ခြမ်းတွင် (၁၅,၈၄၀)စတုရန်းပေနှင့် မိုင်တိုင် ၂၅/၅ မှ ၂၅/၆ ကြား ဘယ်ဘက်ခြမ်းတွင် (၃၈၀)စတုရန်းပေ လမ်းပိုင်းပျက်စီးမှုအားကျောက်အရွယ်စုံဖြင့်ပြန်လည်ဖြည့်ခင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် မိုင်တိုင်အမှန် ၂၃/၂ မှ ၂၆/၀ ကြား လမ်းမျက် နှာပြင် အပွန်းခံလွှာ (၁,၀၅၁)ပေ ပျက်စီးခြင်းအား ကြို တင်ရောကတ္တရာဖြင့် လမ်းပေါက်ဖာခြင်းမှာပြီးစီးပြီဖြစ်၍ ကျန်ရှိသော ပြုပြင်ဆောင်ရွက်ရမည်များကိုလည်း အမြန်ဆုံးပြီးစီးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မူးမြစ်ရေကြီးမှုကြောင့် မန္တလေး-စစ်ကိုင်း-မုံရွာသွားကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၂၃/၂ မှ ၂၆/၀ ကြားရှိ ညောင်ပင်ဝန်းကျေးရွာဝန်းကျင်၌မြစ်ရေများ ကားလမ်းမကြီးအထက် (၂)ပေခန့်အထိမြင့်တက် တိုက်စားမှုကြောင့် လမ်းမျက်နှာပြင်အပွန်းခံလွှာ (၁၃,၂၀၀)ပေပျက်စီးခဲ့ကြောင်း သိရသည်။