ပြည်ပစေလွှတ်ခဲ့တဲ့ အလုပ်သမားအားလုံးဟာ လစာ ၂၅ ရာခိုင်နူန်း အိမ်ကိုငွေပြန်လွှဲတဲ့ အထောက်အထားမပြနိုင်ရင် အလုပ်ခေါ်စာ ဆိုင်းငံ့ခံရမယ်

ပြည်ပကို စေလွှတ်ခဲ့တဲ့ လုပ်သားအရေအတွက်အားလုံးဟာ မိသားစုဆီကိုပြန်ပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်းအထောက်အထားကို တင်ပြနိုင်ခြင်းမရှိတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီကို အလုပ်ခေါ်စာ (Demand Letter)အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမယ်လို့ သိရပါတယ်။
အရင်က ပြည်ပစေလွှတ်ခဲ့တဲ့ လုပ်သားဦးရေရဲ့ ၅၀ ရာခိုင်နူန်းက မိသားစုလွှဲပို့ငွေ လစာ ၂၅ ရာခိုင်နူန်း လွှဲထားကြောင်း အထောက်အထားတင်ပြရပါတယ်။ အခုက စေလွှတ်လုပ်သားအားလုံး မိသားစုငွေလွှဲ အထောက်အထား တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
လတ်တလော ညွှန်ကြားချက်အရဆိုရင် အေဂျင်စီတွေအနေနဲ့ ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီကနေ ဇွန်လအတွင်း ပြည်ပကိုစေလွှတ်ခဲ့တဲ့ အလုပ်သမားတွေအားလုံးရဲ့ မိသားစုဆီ ၂၅ ရာခိုင်နူန်း ငွေလွှဲကြောင်းအထောက်အထားကို တင်ပြရမှာဖြစ်ပြီး တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီကို လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး အလုပ်ခေါ်စာအသစ် တင်ပြခွင့် ဆိုင်းငံ့မှာဖြစ်တယ်လို့ သိရပါတယ် ။
" ပထမ ၂၀၂၄ မှာ စေလွှတ်တဲ့ လူဦးရေရဲ့ ၄၀ ရာခိုင်နူန်းကို ၃ လစာပေးရင် အေဂျင်စီတွေတာဝန်ကျေတယ်ပြောတယ်။နောက် ၂၀၂၄ နှစ်ကုန်နဲ့ ၂၀၂၅ ကျတော့ ၅၀ ရာခိုင်နူန်းဖြစ်သွားတယ်။ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲရတယ်ဆိုတာက ကိုယ့်မိသားစုဆီလွှဲရတဲ့ငွေပါ ။ အခွန်ဆောင်ရတာမဟုတ်ဘူး။ အခုကျတော့ စေလွှတ်တဲ့အလုပ်သမားရာနူန်းပြည့်ကို လစဥ်တင်ပြရမယ် ဖြစ်သွားတယ်။ အဲဒီလိုမလုပ်ဘူးဆိုရင် အေဂျင်စီတွေကို Demand Letter အသစ်ဆိုင်းငံမှာပါ ။ " လို့ မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ဝင်တယောက်က ပြောပါတယ်။
အေဂျင်စီတွေအနေနဲ့ ပြည်ပကို စေလွှတ်တဲ့ အလုပ်သမားတွေအားလုံးရဲ့ လစဥ် မိသားစုဆီကို တရားဝင်လမ်းကြောင်းကနေ လစာရဲ့ ၂၅ ရာခိုင်နူန်း လွှဲတဲ့အထောက်အထားကို တင်ပြဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ မဖြစ်မနေတင်ပြရမယ်ဆိုပါက အေဂျင်စီတွေ အခက်အခဲဖြစ်ပြီး လုပ်ငန်းရပ်နားရတာတွေအထိ ရှိလာနိုင်တယ်လို့ အေဂျင်စီတွေဘက်က ဆိုပါတယ်။

image