ထိုင်းဖိုက်တာ ကိုမာဝတ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြန်မာပရိသတ်များကို ကျော်စွာဝင်း တောင်းပန်

မြန်မာဖိုက်တာ ကျော်စွာဝင်းက ထိုင်းဖိုက်တာ ကိုမာဝတ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် မြန်မာပရိသတ်များကို တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ကျော်စွာဝင်းက" အားလုံးအတွက် စိတ်တိုင်းမကျတဲ့ည ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ။ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ" ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာဖိုက်တာများဖြစ်တဲ့ ကျော်စွာဝင်းနဲ့ စောမင်းမင်းတို့ နှစ်ဦးစလုံးဟာ ONE Friday Fights 167 ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာများနဲ့ ထိုးသတ်ခဲ့ရပြီး အမှတ်နဲ့ ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ONE Friday Fights 167 ပြိုင်ပွဲကို သြဂုတ် ၂၁ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြန်မာဖိုက်တာ နှစ်ဦးဖြစ်တဲ့ ကျော်စွာဝင်းရော စောမင်းမင်းရောဟာ ပြိုင်ဘက် ထိုင်းဖိုက်တာများကို ပရိသတ်အကြိုက် လက်ရည်ညီစွာ ဆိုင်ထိုး၊ ပြိုင်ထိုးများနဲ့ ရသမြောက်စွာ ထိုးသတ်နိုင်ခဲ့သော်လည်း ဒိုင်လူကြီးများရဲ့ အမှတ်ပေးစည်းမျဥ်းများကြောင့် ရှုံးနိမ့်ခဲ့ကြရတာဖြစ်ပါတယ်။
မြန်မာဖိုက်တာ စောမင်းမင်းဟာ ပထမပိုင်း The Inner Circle ၏ ပွဲစဉ် ၃ တွင် ထိုင်းဖိုက်တာ ယော့ဖူးပနဲ့ လည်းကောင်း၊ မြန်မာဖိုက်တာ ကျော်စွာဝင်းဟာ ပွဲစဉ် ၄ တွင် ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ လည်းကောင်း ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။
စောမင်းမင်းဟာ မူလက ထိုင်းနာမည်ကြီးဖိုက်တာ စူရီယာလက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း စူရီယာလက်မှာ မတော်တဆမှုကြောင့် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။
စောမင်းမင်းဟာ ယခုဆိုရင် ONE Championship တွင် ၇ ပွဲထိုးသတ်ထားပြီး ၃ ပွဲနိုင်၊ ၄ ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ယခုဆိုရင် ONE Championshipတွင် ၄ ပွဲ ထိုးသတ်ထားပြီး နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ထားပါတယ်။
ကျော်စွာဝင်းဟာ ဂျပန်ဖိုက်တာ မူ ဂါကို အလဲထိုး၊ ထိုင်းဖိုက်တာ ဆလေတန်ကို အမှတ်ဖြင့် အနိုင်ရထားခြင်းဖြစ်ပါတယ်။

image