1 ပတ် - ဘာသာပြန်ပါ။

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး သဘောတူညီချက်များ လက်မှတ်ရေးထိုးလဲလှယ်

(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ဘန်ကောက်မြို့၌ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့ဖြစ်သည့် ဩဂုတ် ၂၀ ရက်တွင် နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။
အစည်းအဝေးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha တို့ ဦးဆောင်ကျင်းပခဲ့ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေထုညစ်ညမ်းမှုတိုင်းတာသည့် စက်ကိရိယာနှစ်စုံကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အစည်းအဝေးနှင့်ဆက်စပ်၍ ပူးတွဲအတွင်းရေးမှူးအဖွဲ့အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်မြို့၌ ကျင်းပခဲ့ရာ နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေး၊ အစည်းအဝေးများ အပြန်အလှန်ကျင်းပရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးနှင့် စစ်ဘက်ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် စစ်ဘက်ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေး၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးကင်းရေးမြှင့်တင်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် နယ်စပ်ဖြတ်ကျော်တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့ တားဆီးကာကွယ်ရေး၊ ရေကြီးမှုကြိုတင်သတိပေးစနစ်အတွက် အလိုအလျောက်တာဝေးတိုင်းတာရေးစခန်းများ ဖွင့်လှစ်ရေးနှင့် နယ်နိမိတ်၊ နယ်စပ်မြစ်များအတွင်း ရေညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်း အဆင့်မြင့်အရာရှိကြီးများ၏ (၁၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

image