7 ရက် - ဘာသာပြန်ပါ။

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် မြန်မာဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်း ဦးအောင်ခိုင်ကို ခန့်အပ်

MNL လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ နည်းပြချုပ်အဖြစ် မြန်မာဘောလုံးငွေခေတ် လက်ရွေးစင်ဟောင်း ဦးအောင်ခိုင်ကို တာဝန်ပေးခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ ဦးအောင်ခိုင်ကို နည်းပြချုပ်အဖြစ် တာဝန်ပေးခန့်အပ်လိုက်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့ပေမဲ့ စာချုပ်သက်တမ်းကိုတော့ထည့်သွင်းဖော်ပြခြင်းမရှိခဲ့ပါဘူး။ ရှမ်းယူနိုက်တက်အသင်းရဲ့ တရားဝင်သတင်းဖော်ပြချက်အရ ဦးအောင်ခိုင်ကို ၂၀၂၆- ၂၀၂၇ ရာသီအတွက် တာဝန်ပေးခန့်အပ်လိုက်ကြောင်းကိုသာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဦးအောင်ခိုင်ဟာ ယခုရာသီဖြစ်တဲ့ ၂၀၂၆- ၂၀၂၇ ရာသီမှာ ရှမ်းယူနိုက်တက်အသင်းကို ချန်ပီယံဆု ဆက်လက်ထိန်းသိမ်းနိုင်ရန် အဓိကထား ဆောင်ရွက်ပေးရမှာဖြစ်ပြီး စွမ်းဆောင်မှုအပေါ် မူတည်ကာ သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ ဦးအောင်ခိုင်ဟာ မြန်မာဘောလုံးငွေခတ် လက်ရွေးစင်ဟောင်း ရှေ့တန်းကစားသမားဖြစ်ပြီး ပြည်ပနိုင်ငံများတွင်လည်း ပရော်ဖက်ရှင်နယ်အဖြစ် သွားရောက်ကစားထားခဲ့ဖူးသူပါ။ ဦးအောင်ခိုင်ဟာ ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြဘဝသို့ ကူးပြောင်းခဲ့ပြီး မြန်မာ ယူ-၁၈၊ မြန်မာယူ-၂၀၊ မြန်မာယူ-၂၁၊ မြန်မာ ယူ-၂၃ အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ဦးအောင်ခိုင်ဟာ ချင်းယူနိုက်တက်အသင်းနဲ့ ဧရာဝတီယူနိုက်တက်အသင်းများမှာလည်း လက်ထောက်နည်းပြ၊ နည်းပြချုပ်များအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးကြောင်း သိရပါတယ်။ ဦးအောင်ခိုင်အနေနဲ့ ရှမ်းယူနိုက်တက်အသင်း မတိုင်ခင် နောက်ဆုံးအဖြစ် ပြီးခဲ့တဲ့ရာသီက ISPE အသင်းကို နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ ဦးအောင်ခိုင်ဟာ ရာသီအကုန်မှာ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲမှာ ISPE အသင်းကို အဆင့် (၄) နေရာရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ ယခုရာသီမှာ ပြည်တွင်းပြိုင်ပွဲများသာမက ပြည်ပပြိုင်ပွဲများအဖြစ် AFC Challenge League ပြိုင်ပွဲနဲ့ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။ ရှမ်းယူနိုက်တက်အသင်းဟာ MNL ပြိုင်ပွဲမှာ (၇)ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။

image