7 ရက် - ဘာသာပြန်ပါ။

မြန်မာ ယူ- ၁၂ လူငယ်အသင်း သြဂုတ် (၂၁) ရက်မှာ တစ်ပွဲ၊ သြဂုတ် (၂၂) ရက်မှာ နှစ်ပွဲ ကစားရမယ်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မယ့် U-12 Junior Soccer World Challenge ပြိုင်ပွဲကို မြန်မာ ယူ- ၁၂ လူငယ်အသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး သြဂုတ် (၂၁) ရက်မှာ တစ်ပွဲ၊ သြဂုတ် (၂၂) ရက်မှာနှစ်ပွဲ ကစားရမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ဂျပန် U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် သြဂုတ် (၁၉) ရက်က ထွက်ခွာသွားပြီး အုပ်ချုပ်၊ နည်းပြ (၅) ဦး၊ ကစားသမား (၁၈) ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ မြန်မာ ယူ-၁၂ လူငယ်အသင်းဟာ U-12 Junior Soccer World Challenge ပြိုင်ပွဲ အုပ်စု (I) မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများဖြစ်တဲ့ အူရာဝါရက်ဒိုင်းမွန်း၊ လီဘာတာဖူကူအိုကာ၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။ မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ သြဂုတ် (၂၁) ရက်မှာ လီဘာတာဖူကူအိုကာအသင်းနဲ့ တစ်ပွဲ၊ သြဂုတ် (၂၂) ရက်မှာ အူရာဝါရက်ဒိုင်းမွန်း၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့ နှစ်ပွဲ ယှဥ်ပြိုင်ကစားရမှာပါ။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ဂျပန် U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် ပြီးခဲ့တဲ့ဇူလိုင် (၂၅) ရက်ကစပြီး ကစားသမား (၂၃)ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ မြန်မာ ယူ- ၁၂ လူငယ်အသင်းဖွဲ့စည်းရန် လူရွေးချယ်ပွဲများကို ဆင့်ကဲဆင့်ကဲပြုလုပ်ခဲ့ပြီး ပဏာမကစားသမား (၂၃) ဦး ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့မှာ လာမယ့်သြဂုတ် (၂၁) ရက်ကနေ (၂၄) ရက်အထိ ကျင်းပမှာဖြစ်ပြီး U-12 လူငယ်အသင်းပေါင်း (၄၀)အထိ ပါဝင်ယှဥ်ပြိုင်ကြမှာပါ။ ပြိုင်ပွဲဝင်အသင်း (၄၀)ကို ပထမအဆင့်အနေနဲ့ (၄) သင်း (၁၀)အုပ်စုခွဲ ကျင်းပမှာဖြစ်ပါတယ်။ ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဟာ ဒီပြိုင်ပွဲကို နှစ်စဥ်ကျင်းပလေ့ရှိပြီး မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ၂၀၂၃ ခုနှစ်ကတည်းက နှစ်စဥ်ဝင်ရောက်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။ ပြိုင်ပွဲကို ဂျပန်နိုင်ငံတစ်ဝှမ်း ဘောလုံးအကယ်ဒမီများမှ ယူ- ၁၂ လူငယ်အသင်းအများစု ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်သလို စပိန်နိုင်ငံရဲ့ နာမည်ကြီးကလပ် ဘာစီလိုနာ ယူ- ၁၂ အသင်း၊ ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စပိန်ဘာစီလိုနာအကယ်ဒမီ ယူ- ၁၂ အသင်း၊ ထိုင်ဝမ် ယူ- ၁၂ အသင်းတို့လည်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးကျော်မင်းမင်းနိုင်က တာဝန်ယူကိုင်မှာဖြစ်ပြီး ပဏာမကစားသမား (၂၃) ဦးထဲမှ အပြီးသတ် (၁၈)ဦး ရွေးချယ်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရပါတယ်။

image