AFC Challenge League ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းယူနိုက်တက်အသင်း အုပ်စု (E)မှာ ကျရောက်

ရှမ်းယူနိုက်တက်အသင်းဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အုပ်စု (E)မှာ ကျရောက်ခဲ့ကြောင်း သိရပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ် (AFC) အနေနဲ့ ၂၀၂၆-၂၀၂၇ ရာသီ AFC Challenge League ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဒီနေ့ (သြဂုတ် ၂၀ )ပြုလုပ်ခဲ့ပြီး AFC ရုံးစိုက်ရာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့ပါတယ်။
AFC ဟာ ပြိုင်ပွဲအုပ်စုအဆင့်ကို အသင်းပေါင်း (၂၀ )နဲ့ (၄)သင်း၊ (၅) အုပ်စုခွဲကာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။
AFC အနေနဲ့ ပြိုင်ပွဲအုပ်စုအဆင့်ကို အနောက်အာရှဇုန် အုပ်စု (၃)ခုနဲ့ အရှေ့ အာရှဇုန် အုပ်စု (၂) ခုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။ ပြိုင်ပွဲအုပ်စုအဆင့်ကို ပတ်လည်တစ်ကျော့စနစ်နဲ့သာ ကျင်းပသွားမှာဖြစ်ပါတယ်။
အနောက်အာရှဇုန် အုပ်စု (၃)ခုကနေ အုပ်စုပထမရအသင်း (၃) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရအသင်း၊ ပေါင်း (၄) သင်း၊ အရှေ့အာရှဇုန် အုပ်စု (၂)ခုကနေ အုပ်စုထိပ်ဆုံးရပ်တည်မှုအရ (၂) သင်းစီ၊ ပေါင်း (၄) သင်း၊ စုစုပေါင်း (၈)သင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ အုပ်စု (E)မှာ တရုတ်တိုင်ပေကလပ် နယူးတိုင်ပေစီးတီး၊ ခြေစစ်ပွဲအနိုင်ရအသင်း၊ AFC Champion League- Two က ရှုံးနိမ့်အသင်းတို့နဲ့ ကျရောက်နေပါတယ်။

image