စွမ်းအင်ကဏ္ဍသည် မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကအစိတ်အပိုင်းဖြစ်နေဆဲဟု နိုင်ငံတော်သမ္မတ ပြော
စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အဓိကကျသည့် အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အလားအလာများစွာရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက ယနေ့ ဩဂုတ် ၁၉ ရက်တွင် ကျင်းပသည့် မြန်မာ-ရုရှား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲ၌ ပြောကြားရာတွင် ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ ရေနံသန့်စင်ထုတ်လုပ်ခြင်း၊ ရေနံထွက်ပစ္စည်းနှင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းလုပ်ငန်းများသည် နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်သည့် အဓိကမြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်၊ သံလွင်မြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်တို့အပါအဝင် မြစ်ချောင်း ၁,၀၀၀ ကျော်ရှိပြီး နှစ်စဉ် မုတ်သုံမိုးရွာသွန်းမှုမှာ ၂,၀၀၀ မီလီမီတာမှ ၅,၀၀၀ မီလီမီတာအကြားရှိသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် အလားအလာကောင်းများရှိကြောင်းလည်း ဆိုသည်။
သုတေသနပြုချက်များအရ မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်ထုတ်ယူနိုင်မှု အလားအလာမှာ ၁၀၀ ဂစ်ဂါဝပ်ခန့်ရှိပြီး စီးပွားဖြစ်ထုတ်ယူနိုင်မှုအလားအလာမှာ ၄၀ မှ ၅၀ ဂစ်ဂါဝပ်အထိရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံသည် မြောက်လတ္တီကျု ၉ ဒီဂရီမှ ၂၈ ဒီဂရီအကြား တည်ရှိသည့်အတွက် နေရောင်ခြည်လုံလောက်စွာရရှိသော “အပူပိုင်းဒေသ နေရောင်ခြည်ခါးပတ်ကွင်း” အတွင်း ကျရောက်နေပြီး နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် အလားအလာကောင်းမွန်သည့် ပထဝီအနေအထားရှိကြောင်းလည်း ပြောကြားခဲ့သည်။
နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၅၁,၉၇၃ ဒသမ ၈ တယ်ရာဝပ်နာရီ (TWh/year) အထိ ထုတ်လုပ်နိုင်စွမ်းရှိပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများသည် တစ်နှစ်ပတ်လုံး ဆိုလာစွမ်းအင်ထုတ်လုပ်နိုင်မှု မြင့်မားသည့်ဒေသများဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။