သာစည်နှင့် ပျော်ဘွယ်တို့တွင် ရထားလမ်းခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန် လျာထား

မန္တလေးတိုင်းဒေသကြီးအတွင်း ပါဝင်သည့် သာစည်မြို့နှင့် ပျော်ဘွယ်မြို့တို့တွင် လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေရန်အတွက် ရထားလမ်းခုံးကျော်တံတား နှစ်စင်း တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းများအနက် သာစည် ရထားလမ်းခုံးကျော်တံတားကို မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ မိတ္ထီလာ – တောင်ကြီး – ကျိုင်းတုံ – တာချီလိတ် ပြည်ထောင်စုလမ်းမကြီး (AH2) မိုင်တိုင်အမှတ် (၁၃/၀ - ၁) ကြားတွင် ဆောက်လုပ်ရန် လျာထားခြင်းဖြစ်သည်။
ယင်းနေရာသည် ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း၏ သာစည်ဘူတာ မရောက်မီ ပေ ၁,၃၀၀ အကွာ၊ ကားလမ်းနှင့် ရထားလမ်း ဆုံသည့်နေရာတွင် တည်ရှိသည်။
ထို့ပြင် ပျော်ဘွယ် ရထားလမ်းခုံးကျော်တံတားကိုမူ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့လယ်ရှိ ရန်ကုန် – တောင်ငူ – မန္တလေး ပြည်ထောင်စုလမ်းမကြီး (AH1) မိုင်တိုင်အမှတ် (၂၈၅/၇ - ၂၈၆/၀) အကြားတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ခုံးကျော်တံတားများ တည်ဆောက်မည့် နေရာများ၌ ပဏာမ တိုင်းတာလေ့လာမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် အဖွဲ့သည် အဆိုပါ ကွင်းဆင်းတိုင်းတာရေး လုပ်ငန်းစဉ်များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သေးသည်။

image