နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မော်စကိုမြစ်တစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် Green Zone ဖော်ဆောင်ထားရှိမှုများ ကြည့်ရှုလေ့လာ

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၉ ရက် ညနေပိုင်းတွင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်သင်္ဘောဖြင့် လိုက်ပါစီးနင်းကာ မြစ်ကမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
ထိုသို့ ကြည့်ရှုလေ့လာရာတွင် မော်စကိုမြို့၏ စနစ်တကျ မြို့ပြဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းထိန်းသိမ်းထားရှိမှုနှင့် မြစ်ကမ်းတစ်လျှောက် Green Zone များ၊ အများပြည်သူအပန်းဖြေနိုင်သည့် နေရာများ စနစ်တကျ ဖော်ဆောင်ထားရှိမှုတို့ကို လေ့လာခဲ့ကြသည်။
မော်စကိုမြစ်သည် မြို့တော်မော်စကို၏ အရေးပါသည့် မြစ်တစ်စင်းဖြစ်ပြီး မြို့ပြရေပေးဝေရေးနှင့် စက်မှုလုပ်ငန်းများအတွက် အရေးပါသကဲ့သို့ မြစ်ကမ်းတစ်လျှောက် ပန်းခြံများနှင့် အပန်းဖြေနေရာများ ဖော်ဆောင်ထားရှိသည်။
ထို့ပြင် မော်စကိုမြစ်အတွင်း ရှုခင်းကြည့်နှင့် အပျော်စီးသင်္ဘောများ ပြေးဆွဲလျက်ရှိသဖြင့် မြို့ပြရှုခင်းနှင့် သမိုင်းဝင်အဆောက်အအုံများကို မြစ်ကြောင်းမှ လေ့လာနိုင်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်သည့် မော်စကိုမြို့၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အရေးပါသည့် နေရာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

image