ချယ်လ်ဆီးအသင်းရဲ့ ရှယ်ယာတွေကို တော့ဒ်ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့ ရောင်းထုတ်ဖွယ်ရှိနေ
ချယ်လ်ဆီးအသင်းဥက္ကဋ္ဌ တော့ဒ်ဘိုလေနဲ့ ဒါရိုက်တာအဖွဲ့ဝင် မာ့ခ်ဝေါ်လ်တာတို့ဟာ သူတို့ရဲ့ ချယ်လ်ဆီးရှယ်ယာတွေကို ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
တော့ဒ်ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့က ချယ်လ်ဆီးအသင်းမှာ ရှယ်ယာ(၁၂.၈၃)ရာခိုင်နှုန်းစီ ပိုင်ဆိုင်ထားကြတဲ့ ပူးတွဲပိုင်ရှင်တွေ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားတာကတော့ Clearlake Capital ကုမ္ပဏီဖြစ်ပြီး ရှယ်ယာ(၆၁.၅)ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
တော့ဒ်ဘိုလေ၊ မာ့ခ်ဝေါ်လ်တာ၊ ဟန်ယော့စ်ဝီးစ်နဲ့ Clearlake Capital တို့က BlueCo အဖွဲ့ကို ဖွဲ့စည်းပြီး ချယ်လ်ဆီးအသင်းကို ၂၀၂၂ ခုနှစ်မှာ ဝယ်ယူခဲ့တာပါ။
ဒီဝယ်ယူမှုမှာ ဦးဆောင်ခဲ့တဲ့ တော့ဒ်ဘိုလေက ချယ်လ်ဆီးအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် စတင်ဆောင်ရွက်ခဲ့ပေမဲ့ ကြိုတင်သဘောတူညီထားမှုအရ လာမယ့် ၂၀၂၆-၂၇ ရာသီကုန်မှာ ဥက္ကဋ္ဌရာထူးကနေ ဖယ်ပေးရမှာဖြစ်ပြီး Clearlake Capital ကတစ်ဦး ဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူမယ်လို့ သိရပါတယ်။
၂၀၂၄ ခုနှစ်အတွင်းမှာပဲ ရှယ်ယာရှင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိခဲ့တာကြောင့် ရှယ်ယာတွေ အပြန်အလှန်ဝယ်ယူဖို့ ကြိုးပမ်းခဲ့ကြပြီး လက်ရှိအချိန်မှာတော့ တော့ဒ်ဘိုလေနဲ့ မာ့ခ်ဝေါ်လ်တာတို့က သူတို့ရဲ့ ရှယ်ယာတွေကို Clearlake Capital ဆီ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းထွက်လာတာပါ။
ချယ်လ်ဆီးအသင်းရဲ့တန်ဖိုးက ဝယ်ယူစဉ်ကထက် နှစ်ဆမြင့်တက်လာပြီလို့ တော့ဒ်ဘိုလေက ယူဆနေကြောင်းလည်း သိရပါတယ်။