ရီးယဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ရတာက ပထမအကြိမ် ကိုင်တွယ်ရတာထက် ပိုထူးခြားကြောင်း မော်ရင်ဟို ပြောကြား
ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြသစ် မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပြန်လည်ကိုင်တွယ်ရတာက ပထမအကြိမ် ကိုင်တွယ်ရတာထက် ပိုထူးခြားကြောင်း ပြောကြားခဲ့ပါတယ်။
ရီးယဲလ်အသင်းက မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ဇွန်(၁၁)ရက်ကတည်းက ကြေညာခဲ့ပေမဲ့ တရားဝင်မိတ်ဆက်ပွဲကိုတော့ အင်္ဂါနေ့(မနေ့)ကမှ ပြုလုပ်ခဲ့တာပါ။
အဲဒီမိတ်ဆက်ပွဲကို အကျဉ်းချုံးပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပရိသတ်တွေနဲ့ မီဒီယာတွေကို ဖိတ်ကြားခြင်းမပြုဘဲ ရီးယဲလ်အသင်းရဲ့ မီဒီယာအဖွဲ့ကသာ မှတ်တမ်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မိတ်ဆက်ပွဲမှာ မော်ရင်ဟိုက အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်နဲ့အတူ (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
''ဒါက အိမ်ပြန်လာရသလိုပါပဲ။ စိတ်ခံစားမှုအရဆိုရင် ပထမအကြိမ်ထက် ပိုထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ပထမအကြိမ်တုန်းက ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်ဆုံးကို ရောက်ရှိသလိုမျိုး ခံစားခဲ့ရပြီး အခုက ပိုပြီးစိတ်လှုပ်ရှားရတဲ့ခံစားမှု၊ ချစ်မြတ်နိုးမှုပါတဲ့ ခံစားမှု ရှိနေတာကြောင့်ပါ။ ကျွန်တော်က ခင်ဗျားတို့ထဲက တစ်ယောက်ပါ။ ကျွန်တော် အမြဲ အဲဒီလိုရှိနေခဲ့တာပါ။ စကားလုံးတွေက မလုံလောက်ပါဘူး။ ကျွန်တော် အားလုံးကို ပိုကောင်းအောင် ကူညီပေးဖို့ ဒီနေရာကို ပြန်ရောက်လာတာပါ'' လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုက ရီးယဲလ်အသင်းကို ပထမအကြိမ်အဖြစ် ၂၀၁၀ မေလကနေ ၂၀၁၃ ဇွန်လအထိ ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး လာလီဂါချန်ပီယံဆုတစ်ကြိမ်၊ စပိန်ဘုရင့်ဖလား တစ်ကြိမ်၊ စပိန်စူပါဖလားတစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။