1 ပတ် - ဘာသာပြန်ပါ။

မြန်မာ ယူ- ၁၂ လူငယ်အသင်း ဂျပန်ဘောလုံးပွဲတော် သွားရောက်ယှဥ်ပြိုင်မယ်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မယ့် U-12 Junior Soccer World Challenge ပြိုင်ပွဲကို မြန်မာ ယူ- ၁၂ လူငယ်အသင်း ဝင်ရောက်ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ဂျပန် U-12 Junior Soccer World Challenge ပြိုင်ပွဲဝင်ရန် ပြီးခဲ့တဲ့ဇူလိုင် (၂၅) ရက်ကစပြီး ကစားသမား (၂၃) ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဖွဲ့စည်းရန် လူရွေးချယ်ပွဲများကို ဆင့်ကဲဆင့်ကဲပြုလုပ်ခဲ့ပြီး ယခုအခါ အပြီးသတ် (၂၃) ဦး ရွေးချယ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၂ လူငယ်အသင်းဟာ U-12 Junior Soccer World Challenge ပြိုင်ပွဲ အုပ်စု (I) မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများနဲ့အတူ ကျရောက်နေပါတယ်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ဖူကူဒါမြို့မှာ လာမယ့်သြဂုတ် (၂၁) ရက်ကနေ (၂၄) ရက်အထိ ကျင်းပမှာဖြစ်ပြီး U-12 လူငယ်အသင်းပေါင်း (၄၀) သင်း ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်အသင်း (၄၀) ကို ပထမအဆင့်အနေနဲ့ (၄) သင်း (၁၀)အုပ်စုခွဲ ကျင်းပမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ အုပ်စု (I) မှာ ဂျပန်လူငယ်အကယ်ဒမီအသင်းများဖြစ်တဲ့ အူရာဝါရက်ဒိုင်းမွန်း၊ လီဘာတာဖူကူအိုကာ၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ သြဂုတ် (၂၁) ရက်မှာ လီဘာတာဖူကူအိုကာအသင်း၊ သြဂုတ် (၂၂) ရက်မှာ အူရာဝါရက်ဒိုင်းမွန်း၊ ရှိုနန်ဘယ်မားရီအကယ်ဒမီအသင်းတွေနဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ဟာ ဒီပြိုင်ပွဲကို နှစ်စဥ်ကျင်းပလေ့ရှိပြီး မြန်မာ ယူ- ၁၂ လူငယ်အသင်းဟာ ၂၀၂၃ ခုနှစ်ကတည်းက နှစ်စဥ်ဝင်ရောက်ယှဥ်ပြိုင်နေလျက်ရှိပါတယ်။
ပြိုင်ပွဲကို ဂျပန်နိုင်ငံတစ်ဝှမ်း ဘောလုံးအကယ်ဒမီများမှ ယူ- ၁၂ လူငယ်အသင်းအများစု ပါဝင်ယှဥ်ပြိုင်ကြမှာဖြစ်သလို စပိန်နိုင်ငံရဲ့ နာမည်ကြီးကလပ် ဘာစီလိုနာ ယူ- ၁၂ အသင်း၊ ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ စပိန်ဘာစီလိုနာအကယ်ဒမီ ယူ- ၁၂ အသင်း၊ ထိုင်ဝမ် ယူ- ၁၂ အသင်းတို့လည်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။

image