အာဆင်နယ်အသင်း အားဖြည့်ဖို့ လိုအပ်နေသေးကြောင်းနဲ့ ချယ်လ်ဆီးအသင်းက ခြိမ်းခြောက်လာနိုင်ကြောင်း အီယန်ရိုက် ပြောကြား

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဖြစ်တဲ့ အီယန်ရိုက်က အာဆင်နယ်အသင်းအနေနဲ့ ထိပ်တန်းကစားသမားတွေ ထပ်မံအားဖြည့်ဖို့ လိုအပ်နေသေးကြောင်း ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်ပြီး လာမယ့်ရာသီမှာ ချန်ပီယံဆု ထပ်မံရရှိဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။
ဒါပေမဲ့ နွေရာသီမှာ ဂီမာရေ့စ်နဲ့ ဇောလစ်တို့ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး အဓိကပစ်မှတ်ကစားသမားတွေကို မခေါ်ယူနိုင်သေးတာကြောင့် အီယန်ရိုက်က သတိပေးခဲ့တာပါ။
''အာဆင်နယ်အသင်း အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်အများကြီးလုပ်ဖို့ လိုနေပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရိုက်ခတ်မှုရှိတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီလိဂ်မှာ တောင့်တင်းသန်မာစွာ စတင်နိုင်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ကစားသမားသစ်တွေ ရောက်လာနိုင်ရင် ပိုကောင်းမှာပါ'' လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။
အီယန်ရိုက်က ဂွါဒီယိုလာ၊ ရိုဒရီနဲ့ ဘာနာဒိုဆေးလ်ဗားတို့ မရှိတော့တဲ့ မန်စီးတီးအသင်းထက် အလွန်ဆိုရဲ့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပိုမိုခြိမ်းခြောက်လာနိုင်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
''အလွန်ဆိုအနေနဲ့ တာထွက်ကောင်းပြီး ခံစစ်ကို ပိုကျစ်လျစ်အောင် လုပ်နိုင်ခဲ့ရင် ချယ်လ်ဆီးက စိန်ခေါ်လာနိုင်ပါတယ်။ ဥရောပပွဲ မရှိတာကလည်း သူတို့အတွက် အားသာချက်ဖြစ်လာနိုင်ပါတယ်'' လို့ အီယန်ရိုက်က သုံးသပ်ခဲ့တာပါ။

image