ဂိုးသမား ဆူဇူကီးကို အက်စတွန်ဗီလာအသင်း ခေါ်ယူခဲ့ပြီး ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်

အက်စတွန်ဗီလာအသင်းက ပါးမားအသင်းရဲ့ ဂျပန်ဂိုးသမား ဆူဇူကီးကို ယူရို(၃၅)သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး အတည်ပြုကြေညာခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းက ဆူဇူကီးအတွက် ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)နဲ့ Add-ons ကြေး ယူရို(၅)သန်း ပေးချေရမှာဖြစ်ပြီး ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်မှာ ဂျပန်ကစားသမားတွေ လာရောက်ကစားဖူးပေမဲ့ ဂိုးသမားအနေနဲ့ ကစားဖူးခြင်းမရှိသေးတာကြောင့် ဆူဇူကီးက ပရီးမီးယားလိဂ်ရောက် ပထမဆုံးဂျပန်ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အက်စတွန်ဗီလာအသင်းရဲ့ ပထမဆုံးဂျပန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက အာဂျင်တီးနားဂိုးသမား မာတီနက်ဇ် အသင်းက ထွက်ခွာဖွယ်ရှိနေတာကြောင့် ဆူဇူကီးကို ခေါ်ယူခဲ့ခြင်းဖြစ်ပေမဲ့ လက်ရှိအချိန်မှာ မာတီနက်ဇ်ကို ဂျူဗင်တပ်စ်အသင်းက မခေါ်ယူတော့တာကြောင့် မာတီနက်ဇ်ကို ခေါ်ယူမယ့်အသင်း ထပ်ပြီးရှာဖွေရဖွယ်ရှိနေကြောင်း သိရပါတယ်။
နည်းပြ အူနိုင်းအမ်မရီကတော့ ဆူဇူကီး(၂၃ နှစ်)ကို ပထမဦးစားပေးဂိုးသမားအဖြစ် ရေရှည်နေရာပေးသွားဖို့ ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ဆူဇူကီးကို ခေါ်ယူတဲ့နေ့မှာပဲ အက်သလက်တီကိုအသင်းက အီတလီနောက်ခံလူ ရူဂါရီ(၂၄ နှစ်)ကိုလည်း ယူရိုသန်း(၂၀)နဲ့ ခေါ်ယူပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

image