ဘရိုက်တန်ကွင်းလယ်ကစားသမား ဘာလေဘာကို မန်ယူအသင်း ခေါ်ယူနိုင်ရန် နီးစပ်နေ
မန်ယူအသင်းဟာ ဘရိုက်တန်အသင်းက ကင်မရွန်းကွင်းလယ်ခံစစ်ကစားသမား ဘာလေဘာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
မန်ယူနိုက်တက်အသင်းက ဘာလေဘာအတွက် ကနဦးပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)၊ Add-ons ကြေး ပေါင်(၅)သန်းနဲ့ ကမ်းလှမ်းမှုပြုလုပ်ထားပြီး ဘရိုက်တန်အသင်း လိုချင်နေတဲ့ တန်ဖိုးပမာဏထက် လျော့နည်းနေပေမဲ့ သဘောတူညီမှုရဖွယ်ရှိကြောင်း သိရပါတယ်။
ဘရိုက်တန်အသင်းက ဘာလေဘာ(၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းဝန်းကျင် အလိုရှိနေပေမဲ့ မန်ယူအသင်းနဲ့ ညှိနှိုင်းမှုအဆင်ပြေနိုင်တဲ့ ကွာဟမှုသာဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက သုံးသပ်ထားပါတယ်။
မန်ယူအသင်းက ဘာလေဘာကို ၂၀၃၁ ခုနှစ်အထိ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးအတွက်သာ ဘရိုက်တန်အသင်းနဲ့ ညှိနှိုင်းရတော့မှာပါ။
ဘရိုက်တန်အသင်းက ဘာလေဘာကို ၂၀၂၃ နွေရာသီမှာ လိုင်လီကနေ ပေါင်(၂၅)သန်းဝန်းကျင်နဲ့ ခေါ်ယူထားခြင်းဖြစ်ပေမဲ့ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက မန်ယူအသင်း ချဉ်းကပ်ခဲ့ချိန်မှာ ပေါင်သန်း(၁၀၀)လို့ ဈေးနှုန်းသတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
ဘာလေဘာက လက်ရှိရာသီကြိုကာလမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပေမဲ့ ပြင်းထန်ခြင်းမရှိကြောင်း သိရပါတယ်။