2 ပတ် - ဘာသာပြန်ပါ။

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ

မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံ၌ 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ကြောင်း ပြောကြားသည်။
ထို့ပြင် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် (၁)နှစ်အတွင်း စခန်းပေါင်း ၁,၀၀၀ ခန့် တည်ဆောက်၍ ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်ရမည်ဖြစ်ပြီး 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် အော်ပရေတာများအနေဖြင့် 5G စမ်းသပ်မှုများ ဆောင်ရွက်ထားပြီးဖြစ်၍ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဒုတိယဝန်ကြီးဦးသက်ဝင်းအောင်က တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ တက်ရောက်လာသူများက 5G လှိုင်းနှုန်းစဉ် ချထားပေးမှု အခြေအနေ၊ စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် ဝန်ဆောင်မှု စတင်နိုင်ရေး လျာထားဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးက အော်ပရေတာများနှင့် Vendors ကုမ္ပဏီများ၏ 5G ခင်းကျင်းပြသထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image