တိုက်စစ်မှူး ဝပ်ကင်စ်အတွက် အယ်လ်ဟီလာအသင်းရဲ့ ကမ်းလှမ်းမှုကို အက်စတွန်ဗီလာ ငြင်းပယ်

အက်စတွန်ဗီလာအသင်းက အင်္ဂလန်တိုက်စစ်မှူး ဝပ်ကင်စ်အတွက် ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းရဲ့ ယူရို(၄၅)သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အယ်လ်ဟီလာအသင်းက ဝပ်ကင်စ်(၃၀ နှစ်)ကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး အက်စတွန်ဗီလာအသင်းက ယူရိုသန်း(၆၀)ဝန်းကျင် အလိုရှိနေတာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ဝပ်ကင်စ်ကို ၂၀၂၀ နွေရာသီမှာ ဘရန့်ဖို့ဒ်အသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို(၃၈)သန်းနဲ့ ခေါ်ယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။
ဝပ်ကင်စ်က အက်စတွန်ဗီလာအသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရာသီတိုင်းမှာ ရပ်တည်နေသူဖြစ်ပြီး ပြိုင်ပွဲစုံ(၂၇၈)ပွဲကစားကာ (၁၀၈)ဂိုး သွင်းယူပေးထားပါတယ်။
အက်စတွန်ဗီလာအသင်းက ဝပ်ကင်စ်အတွက် ဆော်ဒီကလပ်တွေရဲ့ ချဉ်းကပ်မှုနှစ်ကြိမ်ကိုလည်း ငြင်းပယ်ခဲ့ဖူးပြီး အယ်လ်ဟီလာအသင်းကတော့ ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အယ်လ်ဟီလာအသင်းက ချယ်လ်ဆီးတောင်ပံကစားသမား ပတ်ဒရိုနက်တိုကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ယူရို(၁၁၇)သန်း တောင်းဆိုခဲ့တာကြောင့် လက်လျှော့သွားခဲ့ကြောင်း သိရပါတယ်။

image