လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချလာတော့မယ့် ထိုင်းပိုင်ရှင်
====================
ထိုင်းပိုင်ရှင် King Power ဟာ လက်စတာကို ၁၆ နှစ်ကြာ ပိုင်ဆိုင်လာပြီးနောက် ပေါင်သန်း ၂၀၀ ကျော်ဖြင့် ရောင်းချရေး ကြိုးပမ်းလာပါတယ်။
ပရီးမီးယားလိဂ်ဖလားအား ၁ ကြိမ် ရရှိခဲ့ဖူးတဲ့ လက်စတာကို ရောင်းချရေးအတွက် အမေရိကန်ရင်းနှီးမြှပ်နှံရေးဘဏ်တစ်ခုက လုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
လက်စတာအား ရောင်းချမှုတွင် အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ ပရိသတ် ၃၂၀၀၀ ဆန့် King Power ကွင်း၊ ဆီးဂရော့ဗ်လေ့ကျင့်ရေးကွင်းလည်း ပါဝင်ပါတယ်။
ဒါ့အပြင် လက်စတာကပင် ပိုင်ဆိုင်တဲ့ ဘယ်ဂျီယံကလပ် OH Leuven ကိုလည်း အရောင်းစာရင်းတင်ထားပါတယ်။
လက်စတာကို ပေါင်သန်း ၂၀၀ ကျော်ဖြင့် အရောင်းစာရင်းတင်လာတာ ဖြစ်ပြီး ငွေကြေးအတိအကျတော့ မသိရသေးပါဘူး။
လက်စတာဟာ ၂၀၁၆ ခုနှစ်တုန်းက ဘွတ်ကီဖွင့်ကြေး ၅၀၀၀/၁ အနေအထားမှာ ရှိခဲ့ပေမယ့် အံ့ဩသင့်ဖွယ် ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့သလို ၅ နှစ်အကြာတွင် အက်ဖ်အေဖလားလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လက်စတာဟာ နောက်ပိုင်းနှစ်များတွင် ဘဏ္ဍာရေးပြဿနာများနှင့် ရုန်ကန်ခဲ့ရပြီး ၂ ကြိမ်ဆက် တန်းဆင်းခဲ့ရကာ လိဂ် ၁ သို့ ကျရောက်နေပါတယ်။
လက်စတာဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းတွင်း ပေါင်သန်း ၁၈၀ ကျော်အထိ ငွေကြေးအရှုံးပေါ်ခဲ့ပါတယ်။
King Power ဟာ ၂၀၁၀ ခုနှစ်တုန်းက လက်စတာကို မီလန်မန်ဒရစ်ထံမှ ပေါင် ၃၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်တွင် ထိုင်းပိုင်ရှင်ခွန်ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျကာ သေဆုံးသွားပြီးနောက် သားဖြစ်သူ ခွန်အေဘာဝတ်ဆရီဗတ်ဒါနာပရာဟာက ဥက္ကဌအဖြစ် ဆောင်ရွက်လာခဲ့ပါတယ်။