ပရီးမီးယားလိဂ်ရဲ့ အခုနွေရာသီ အသုံးစရိတ် ပေါင် ၂.၁၄ ဘီလျံအထိရှိလာ
ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင် ၂.၁၄ ဘီလျံအထိ ရှိလာပြီလို့ သိရပါတယ်။
အပြောင်းအရွှေ့ပိတ်သိမ်းဖို့ နှစ်ပတ်နီးပါး လိုနေသေးလို့ နွေရာသီအသုံးစရိတ် စံချိန်ထပ်တင်မလား စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။
အခုနွေရာသီအသုံးစရိတ်ဟာ ၂၀၂၄(ပေါင် ၁.၉၈ ဘီလျံ)၊ ၂၀၂၂(ပေါင် ၁.၉၄ ဘီလျံ)၊ ၂၀၂၁(ပေါင် ၁.၁၃ ဘီလျံ)၊ ၂၀၂၀(ပေါင် ၁.၃၂)ဘီလျံ)တို့ထက်လည်း ကျော်လွန်ခဲ့ပြီဖြစ်တယ်။
ပြီးခဲ့တဲ့နှစ်နွေရာသီက စံချိန်တင် ပေါင် ၃.၁၄ ဘီလျံနဲ့ ၂၀၂၃ ခုနှစ်က ပေါင် ၂.၃၆ ဘီလျံပြီးရင် တတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။
အင်္ဂလန်နဲ့ တခြားဥရောပထိပ်တန်းလိဂ်တွေအကြား အသုံးစရိတ်က ဒီနွေရာသီမှာလည်း အရင်အတိုင်းပဲ များစွာကွာခြားနေခဲ့ပါတယ်။
စီးရီးအေက ပေါင် သန်း ၇၈၀၊ လာလီဂါက ပေါင် ၅၁၅ သန်း၊ ဘွန်ဒစ်လီဂါက ပေါင် ၅၀၅ သန်း၊ လီဂူးက ပေါင် ၄၁၂ သန်းသာ အသုံးပြုထားတာပါ။
ဒါကြောင့် အခုနွေရာသီမှာ ပရီးမီးယားလိဂ်အသုံးစရိတ်က ပေါင် ၂.၁၄ ဘီလျံက ဒီထိပ်တန်းလိဂ်လေးခုပေါင်းထက်လည်း သာလွန်နေပါတယ်။
အခုနွေရာသီမှာ ပရီးမီးယားလိဂ်အသင်းတွေထဲ ချယ်လ်ဆီးအသင်းက ပေါင် ၃၄၈ သန်းနဲ့ အများဆုံး သုံးစွဲထားပါတယ်။
ချယ်လ်ဆီးနောက်မှာ စပါးအသင်းက ပေါင် ၂၂၈ သန်း၊ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေက ပေါင် ၁၅၁ သန်းစီ အသုံးပြုထားပါတယ်။
ချယ်လ်ဆီး၊ စပါးနဲ့ မန်စီးတီးတို့ သုံးသင်းစလုံးဟာ အခုနွေရာသီကာလအတွင်း ကလပ်သမိုင်းမှာ အပြောင်းအရွှေ့အသုံးစရိတ် စံချိန်တင်ခဲ့ကြပါတယ်။
အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဘရိုက်တန်နဲ့ လိဒ်စ်အသင်းတွေကလည်း အခုနွေရာသီမှာ ကလပ်စံချိန်တင် ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားပါတယ်။
တန်းတက်သုံးသင်းဖြစ်တဲ့ ကိုဗင်ထရီ၊ အစ်ဝစ်ချ်နဲ့ ဟားလ်စီးတီးတို့ သုံးသင်းကလည်း ပရီးမီးယားလိဂ်အတွက် အကြီးစားပြင်ဆင်နေကြပါတယ်။
အခုပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ပရီးမီးယားလိဂ်ကလပ် ၂၀ သင်းအနက် ၁၁ အနက် အပြောင်းအရွှေ့စံချိန်တွေ ချိုးဖျက်ထားတာဖြစ်တယ်။