တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦးရှိခဲ့
တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19 ကူးစက်ခံရသူသစ် ၅၂၂,၀၀၀ ဦး၊ ပြင်းထန်လူနာ ၄၈၇ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့ပြီး ကူးစက်မှုနှုန်း အတက်အကျဖြစ်ရင်း မြင့်တက်နေတယ်လို့ အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အခုလို ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖြစ်ပွားခဲ့ဖူးတဲ့ ရာသီအလိုက် ပုံမှန်ကူးစက်မှုလှိုင်း တစ်ခုသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကူးစက်မှုနှုန်း တက်တာ နှေးကွေးသွားပြီဖြစ်လို့ ရောဂါဖြစ်ပွားမှုရဲ့ အမြင့်ဆုံးအဆင့်(plateau phase) သို့ ရောက်ရှိနေပြီလို့ တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(Chinese CDC) က ဆိုပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ဗိုင်းရပ်စ်အားလုံးဟာ အိုမီခရွန်(Omicron) ဗီဇပြောင်းအမျိုးအစားများဖြစ်ပြီး၊ အများစုမှာ NB.1.8.1 မျိုးစိတ်နဲ့ ယင်းရဲ့ မျိုးစိတ်ခွဲများ ဖြစ်ကြပါတယ်။
ပေကျင်း ယိုအန် ဆေးရုံမှ အသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန် လီထုန်းဇိ (Li Tongzeng) ရဲ့ အဆိုအရ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာရတဲ့ အဓိက အကြောင်းရင်းတွေကတော့
- လူထု၏ ခုခံအား လျော့ကျလာခြင်း။
- ဗိုင်းရပ်စ်၏ အဆက်မပြတ် ဗီဇပြောင်းနေမှုကြောင့် ရှိပြီးသား ခုခံအား ပဋိပစ္စည်းများ၏ ကာကွယ်နိုင်စွမ်း နိမ့်ကျသွားခြင်း။
- တရုတ်နိုင်ငံနွေရာသီ ကျောင်းပိတ်ရက်အတွင်း ခရီးသွားလာမှုနှင့် လူထု သွားလာလှုပ်ရှားမှု များပြားလာခြင်း တို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုင်းရပ်စ်ဟာ ဆက်လက် ဗီဇပြောင်းနေပေမဲ့ ပိုမိုပြင်းထန်လာတဲ့လက္ခဏာ မရှိသေးပါဘူး။ ကူးစက်ခံရသူ အများစုမှာ လက္ခဏာ ပေါ့ပါးပြီး အဆုတ်ရောင်ခြင်း သို့မဟုတ် ဆေးရုံတက်ရခြင်း အလွန်နည်းပါးပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေရဲ့ စာရင်းတွေအရ ကိုဗစ်-၁၉ ဟာ ခုခံအား လျော့ကျချိန်ဖြစ်တဲ့ ၆ လမှ ၈ လ လျှင် တစ်ကြိမ် ကူးစက်မှု ပြန်လည် မြင့်တက်လေ့ ရှိပါတယ်။
တရုတ်နိုင်ငံမှာ ဇူလိုင်လအတွင်း ကိုဗစ်-19ကြောင့် သေဆုံးသူ ၁ ဦးသာ ရှိခဲ့ခြင်းက လက်ရှိ သေဆုံးမှုနှုန်း အလွန်နည်းပါးနေသေးကြောင်း ပြသနေပြီး၊ ဩဂုတ်လနှောင်းပိုင်းတွင် ကူးစက်မှုတွေ ပြန်လည်ကျဆင်းသွားမည်ဟု ခန့်မှန်းထားပါတယ်။ တရုတ် CDC အနေဖြင့်လည်း အများပြည်သူ ကျန်းမာရေးကို စိုးရိမ်ရလောက်တဲ့ ဗီဇပြောင်းမျိုးစိတ်သစ်များ မတွေ့ရှိရသေးသလို ကျန်းမာရေးစနစ်အပေါ် လွှမ်းမိုးထိခိုက်မှု မရှိကြောင်း အတည်ပြုထားပါတယ်။
အများပြည်သူအနေနဲ့ လိုအပ်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ဖို့၊ တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်ဖို့နဲ့ ညွှန်ကြားထားတဲ့ ကာကွယ်ဆေးတွေ ထိုးနှံကြဖို့ အကြံပြုထားပါတယ်။