ဝင်းသိင်္ဂီထွန်း၊ ဇင်မိုးပြည့်၊ မေသက်မွန်မြင့်အပါအဝင် လက်ရွေးစင် (၆) ဦးကို ဧရာဝတီ
အငှားခေါ်ယူထား
ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းဟာ
ဝင်းသိင်္ဂီထွန်း၊ ဇင်မိုးပြည့်၊ မေသက်မွန်မြင့် အပါအဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးကစားသမား (၆) ဦးကို အငှားနဲ့ခေါ်ယူထားကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး ကစားသမားဖြည့်တင်းမှုတွေကို အင်နဲ့အားနဲ့ ဖြည့်တင်းနေတာဖြစ်ပါတယ်။
ယခုအခါ ဧရာဝတီအမျိုးသမီးအသင်းဟာ ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဇင်မိုးပြည့်၊ သစ္စာအားမာန်အသင်း နောက်ခံလူ မေသက်မွန်မြင့် ISPE အသင်းက လင်းမြင့်မိုရ်၊ မိုးမမစိုး၊ ဇူးလန်နဒီတို့ (၆) ဦးကို အငှားနဲ့ ခေါ်ယူဖြည့်တင်းလိုက်တာဖြစ်ပါတယ်။
ဒါ့အပြင် ဧရာဝတီအမျိုးသမီးအသင်းဟာ (၈) ဦးမြောက် ပြည်ပကစားသမားအဖြစ် အမေရိကန်နိုင်ငံသူ မက်ကန်နာဒေးဗစ်ဆင်ကို ခေါ်ယူထားပါတယ်။
အသက် (၃၁) နှစ်ရှိ အမေရိကန်သူ မက်ကန်နာဟာ တောင်ပံတိုက်စစ်နဲ့ ခံစစ်နေရာစုံမှာပါ ကစားနိုင်သူဖြစ်ကြောင်း သိရပါတယ်။
မက်ကန်နာဟာ အမေရိကန် အပျော်တမ်းကလပ်အသင်းများအပြင် အယ်ဘေးနီးယား၊ လစ်သူရေနီးယား၊ အိုင်ယာလန်နဲ့ ဖိလစ်ပိုင်ကလပ်အသင်းများမှာ ကစားဖူးသူဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် မက်ကန်နာဟာ UEFC Women's Champion League ပြိုင်ပွဲကိုလည်း ကစားဖူးတဲ့ အတွေ့အကြုံရှိသူဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်းဟာ ယခုရာသီ AFC Women's Champion League ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးကိုလည်း ခေါ်ယူဖြည့်တင်းထားပါတယ်။
ဧရာဝတီအမျိုးသမီးအသင်း ခေါ်ယူ ဖြည့်တင်းလိုက်တဲ့ ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးမှာ ပရော်ဖက်ရှင်နယ် ကစားသမားများ မဟုတ်ကြပဲ တက္ကသိုလ် ကျောင်းသူလက်ရွေးစင်ကစားသမားများ ဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်း ခေါ်ယူဖြည့်တင်းလိုက်တဲ့ ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးတွင် လေးဦးမှာ ဂျပန်နိုင်ငံ၊ တိုကျို့ရှိ တိုယိုတက္ကသိုလ်မှ တက္ကသိုလ်လက်ရွေးစင်ကစားသမားများဖြစ်ပြီး ကျန်တစ်ဦးမှာမူ ဂျပန်နိုင်ငံ၊ ကိုဖူးမြို့ရှိ ယာမာနာရှီတက္ကသိုလ်မှ တက္ကသိုလ် လက်ရွေးစင်ကစားသမားဖြစ်ကြောင်း သိရပါတယ်။
ဧရာဝတီအမျိုးသမီးအသင်း ခေါ် ယူဖြည့်တင်းလိုက်တဲ့ ဂျပန်လူငယ်အမျိုးသမီးကစားသမား ၅ ဦးတွင် အိုကာမူရာမှာ နောက်တန်း၊ မိုချီဇူကီမှာ နောက်တန်း၊ ဒီရှီမာရုမှာ အလယ်တန်း၊ မတ်ဆူအိုမှာ အလယ်တန်း၊ ကာဆိုင်မှာ အလယ်တန်းကစားသမားများဖြစ်ကြောင်း သိရပါတယ်။