မြန်မာအမျိုးသမီးအသင်း ကစားသမား (၃၃)ဦးနဲ့ သြဂုတ် (၁၇)ရက် စတင်လေ့ကျင့်မယ်
မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြဖြစ်သူ အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်ဟာ အာရှအားကစားပြိုင်ပွဲအတွက် ပဏာမကစားသမား (၃၃)ဦးစာရင်းကို ဒီကနေ့မှာ ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
နည်းပြကောလင်းဘဲလ်ဟာ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို သြဂုတ် (၁၇)ရက်ကစပြီး စခန်းသွင်းလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ AFC Women's Champion League ခြေစစ်ပွဲဝင်မယ့် ဧရာဝတီအသင်းက ကစားသမားတချို့နဲ့ အငှားခေါ်ယူထားတဲ့ လက်ရွေးစင်ကစားသမားတချို့ကတော့ သြဂုတ် (၂၄) ရက် နောက်ပိုင်းရောက်မှ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနဲ့ လာရောက်ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။ နည်းပြကောလင်းဘဲလ်အတွက် လာမယ့်အာရှအားကစားပြိုင်ပွဲက မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းကို တာဝန်ယူပြီးနောက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပထမပွဲအဖြစ် စက်တင်ဘာ ၁၄ ရက်မှာ တောင်ကိုရီးယားအမျိုးသမီးအသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။
အကြိမ် ၂၀ မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ အုပ်စု ( မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နဲ့ ကျရောက်နေပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသင်း ၁၂ သင်းနဲ့ ကျင်းပပြုလုပ်မှာဖြစ်ပြီး လေးသင်း သုံးအုပ်စုခွဲကာ ကျင်းပမှာဖြစ်ပါတယ်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) မှာ အိမ်ရှင်ဂျပန်၊ တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ထိုင်း၊ အုပ်စု ( မှာ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အုပ်စု (C) မှာ တရုတ်၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ ဟောင်ကောင်အသင်းတို့ ပါဝင်နေပါတယ်။ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရ အသင်းနှစ်သင်းစီနဲ့ တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ စက်တင်ဘာ ၁၄ ရက်မှာ အုပ်စုပထမပွဲအဖြစ် တောင်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ ၁၇ ရက်မှာ အုပ်စုဒုတိယပွဲအဖြစ် မြောက်ကိုရီးယားအမျိုးသမီးအသင်း၊ စက်တင်ဘာ ၂၁ ရက်မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။