UFC ဝယ်လ်တာဝိတ်တန်းချန်ပီယံခါးပတ်ကို မာခါချက်ဗ် ကာကွယ်နိုင်ခဲ့ပြီး နိုင်ပွဲဆက်အများဆုံး စံချိန်တင်

UFC 330 ပြိုင်ပွဲရဲ့ ခေါင်တွဲဆိုင်းမှာ ဝယ်လ်တာဝိတ်တန်း လက်ရှိချန်ပီယံ ရုရှားကစားသမား အစ္စလာမ်မာခါချက်ဗ်က အိုင်ယာလန်ကစားသမား အီယန်မာချာဒိုဂယ်ရီကို အမှတ်နဲ့ အနိုင်ရကာ ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပြီး UFC သမိုင်းတစ်လျှောက် နိုင်ပွဲဆက်အများဆုံးစံချိန်တင်ခဲ့ပါတယ်။
UFC 330 ပြိုင်ပွဲကို မြန်မာစံတော်ချိန် သြဂုတ် ၁၆ ရက် နံနက်ပိုင်းက အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားမြို့ရှိ Xfinity Mobile Arena မှာ ကျင်းပခဲ့ပြီး မာခါချက်ဗ်နဲ့ ဂယ်ရီတို့ရဲ့ပွဲစဉ်ကို နံနက် ၁၀ နာရီ ၁၅ မိနစ်မှာ စတင်ခဲ့ပါတယ်။
ပထမအချီ တစ်မိနစ်အကြာမှာကတည်းက မာခါချက်ဗ်က သူ့ရဲ့ပုံစံအတိုင်း Takedown ပြုလုပ်ခဲ့တာကြောင့် ဂယ်ရီ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယအချီမှာလည်း မာခါချက်ဗ်ရဲ့ အမြင့်ကန်ချက်ကြောင့် ဂယ်ရီ ထိုင်လျက်ကျသွားပြီး ဖိအားပေးခြင်းခံခဲ့ရပါတယ်။ တတိယအချီမှာတော့ ဂယ်ရီ ပိုကောင်းလာပြီး သူ့ရဲ့ ထောက်လက်သီးနဲ့ နင်းခြေတွေက ထိရောက်မှုရှိခဲ့ပါတယ်။ စတုတ္ထအချီ အစောပိုင်းမှာ ဆိုင်ထိုးကြပေမဲ့ နောက်ပိုင်းမှာတော့ မာခါချက်ဗ်က ဝင်လုံးပြီး ပွဲကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ နောက်ဆုံးအချီမှာလည်း မာခါချက်ဗ်က Body Triangle Lock လုပ်ထားတာကြောင့် ဂယ်ရီအနေနဲ့ အရှုံးမပေးရစေရန် ရုန်းကန်ခဲ့ရပါတယ်။ ငါးချီအပြီး အမှတ်နဲ့ ဆုံးဖြတ်ရာ ဒိုင်သုံးဦးစလုံးက မာခါချက်ဗ်ကို ၄၉-၄၆၊ ၄၉-၄၆၊ ၄၈-၄၇ မှတ်နဲ့ အနိုင်ပေးခဲ့ပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သူ မာခါချက်ဗ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဝယ်လ်တာဝိတ်တန်းချန်ပီယံခါးပတ် စတင်ရယူနိုင်ခဲ့ပြီး ပထမဆုံး ချန်ပီယံကာကွယ်ပွဲမှာ နိုင်ပွဲရရှိခဲ့ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ UFC ပြိုင်ပွဲမှာ ၁၇ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ပြီး ဘရာဇီးဂန္ထဝင် အန်ဒါဆန်ဆေးလ်ဗားရဲ့ ၁၆ ပွဲဆက် အနိုင်ရတဲ့စံချိန်ကို ချိုးဖျက်ကာ စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ဒုခေါင်တွဲဆိုင်းမှာ မက်ကန်ဇီဒင်းက ဂီလီယန်ရောဘတ်ဆန်ကို အမှတ်နဲ့အနိုင်ရပြီး အမျိုးသမီးစထရောဝိတ် ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့ပါတယ်။

image