1 ပတ် - ဘာသာပြန်ပါ။

ဘရာဇီးဖိုက်တာ ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးမယ်လို့ ဂျိုရှုအာဗန် ဆို

ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးသတ်သွားမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲဖြစ်တဲ့ UFC-331 ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို သြဂုတ် (၁၄) ရက်က လော့စ်အိန်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဂျိုရှုအာဗန်က"ကျွန်တော်က ပွဲတွေ ခပ်စိပ်စိပ် ထိုးချင်တယ်။ ဒါကို အရင်ကလည်း ပြောဖူးပါတယ်။ ချန်ပီယံဖြစ်နေလည်း ပွဲတွေကိုတော့ ခပ်စိပ်စိပ်ပဲ ထိုးချင်တယ်။ နေ့တိုင်း မပျက်မကွက် လေ့ကျင့်နေတဲ့သူအတွက် ပွဲတွေ ခပ်စိပ်စိပ်ထိုးချင်တာက မထူးဆန်းပါဘူး။ သူ့ကို (ပန်တိုဂျာ) ပထမပွဲတုန်းကလည်း အမှောက်သိပ်ပြီးပြီ။ အခုလည်း ထပ်ပြီး အမှောက်သိပ်ဦးမှာ။ (၃) ချီအတွင်း အလဲထိုးမယ်။ ပထမပွဲတုန်းကလည်း (၃) ချီအတွင်း အလဲထိုးမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ အခုလည်း ဒီအတိုင်းပဲ"ဆိုပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။
UFC ပရိုမိုးရှင်းဟာ UFC-331 ပြိုင်ပွဲကို လာမယ့်စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀) အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Cryptocom Arena မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ တွဲဆိုင်းပေါင်း ၁၃ ဆိုင်း ထည့်သွင်းထားပြီး ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို့ရဲ့ မကျေပွဲကို Main Event (အဓိကခေါင်ပွဲ) အဖြစ် ထည့်သွင်းထားကြောင်း သိရပါတယ်။
ယခုပွဲမှာ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်အတွက် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ရယူပြီးနောက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်းက ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် ဂျိုရှုအာဗန်က အလဲထိုးနဲ့ အနိုင်ရှိခဲ့ပြီး ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကို ပထမဆုံးရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ဂျိုရှုအာဗန်က စိန်ခေါ်သူဖြစ်ဖြစ်ပြီး ဘရာဇီးဖိုက်တာ ပန်တိုဂျာက ဖလိုင်းဝိတ်တန်း ချန်ပီယံဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးလိုက်မှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်မောင်းမှာ ဒဏ်ရာရရှိသွားခဲ့လို့ ဆက်မထိုးသတ်နိုင်သောကြောင့် ဂျိုရှုအာဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် UFC ပရိုမိုးရှင်းဟာ ဖလိုင်းဝိတ်တန်းချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပြန်ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ချန်ပီယံဟောင်း ပန်တိုဂျာဟာ ဂျိုရှုအာဗန်အား ရှုံးနိမ့်ပြီးနောက် ပွဲထိုးသတ်ရသေးခြင်း မရှိသေးပဲ လေ့ကျင့်မှုများသာ ပြုလုပ်နေခြင်းဖြစ်ပါတယ်။ ဂျိုရှုအာဗန်ကတော့ ပန်တိုဂျာကို အနိုင်ရရှိပြီး ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာနဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နောက်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဒိုင်ပွဲရပ် အနိုင်ရရှိခဲ့ပါတယ်။

image