ရတနာပုံက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနဲ့ ရှမ်းယူနိုက်တက်က ကျော်မင်းဦးကို ခေါ်ယူ
MNL ကလပ်အသင်းများဖြစ်တဲ့ ရတနာပုံအသင်းက အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီနဲ့ ရှမ်းယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးတို့ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ရတနာပုံအသင်းဟာ လာမယ့်ရာသီအတွက် (၆) ဦးမြောက် ပြည်ပကစားသမားအဖြစ် အသက် (၂၅) နှစ်ရှိ အီတလီနောက်ခံလူ ဖိလစ်ပီဖာရေဇီကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ဖာရေဇီဟာ ဗဟိုခံစစ်နေရာတွင်သာမက ညာနောက်ခံနေရာနဲ့ ကွင်းလယ်ခံစစ်နေရာများမှာပါ ကစားနိုင်သူဖြစ်ပါတယ်။ ဖာရေဇီဟာ ရတနာပုံအသင်းမတိုင်ခင် အီတလီစီးရီး- D ကလပ် အေအက်စ်ဆာဆေးအသင်းမှာ နောက်ဆုံးကစားထားပါတယ်။ ဖာရေဇီဟာ ဘရာဇီး၊ ဂျာမနီ၊ ပေါ်တူဂီ၊ သြစကြီးယား၊ အီတလီကလပ်အသင်းများစွာတွင် ကစားခဲ့သူဖြစ်ပြီး ပထမဆုံး အာရှကလပ်အသင်းအနေနဲ့ ရတနာပုံအသင်းထံမှာ လာရောက်ကစားခြင်းဖြစ်ပါတယ်။ ရတနာပုံအသင်းဟာ ဘရာဇီးကစားသမား နှစ်ဦး၊ ဂီနီ၊ ဂါနာ၊ ဂျပန်၊ အီတလီကစားသမား တစ်ဦးစီ ခေါ်ယူထားပါတယ်။
ရှမ်းယူနိုက်တက်အသင်းဟာ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ရှမ်းယူနိုက်တတက်အသင်းအနေနဲ့ ကျော်မင်းဦးမတိုင်ခင် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လွင်မိုးအောင်ကိုလည်း ခေါ်ယူထားပါတယ်။