လီဗာပူးရှယ်ယာကို ဝယ်ယူရန် Amazon ဘီလျှံနာဂျက်ဖ်ဘေးဇို့စ် နီးစပ်နေပြီ ဖြစ်ပြီး ယခုအပတ်အတွင်းတွင် ကြေညာလာဖွယ်ရှိ
=======================
နည်းပညာဘီလျှံနာဂျက်ဖ်ဘေးဇို့စ်ဟာ လီဗာပူးရဲ့ အသေးစားရှယ်ယာအချို့တို့ကို ဝယ်ယူ ရင်းနှီးမြှပ်နှံရန် အနီးစပ်ဆုံးအနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။
Amazon တည်ထောင်သူ ပါဝင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ လီဗာပူးရဲ့ ရှယ်ယာအချို့တို့အား ဝယ်ယူရန် ကလပ်ပိုင်ရှင် Fenway Sports Group (FSG) နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
Sky News ရဲ့ ဖော်ပြလာမှုအရ လီဗာပူးရှယ်ယာအချို့အား ရောင်းချတဲ့ ကြေညာချက်အား ယခအပတ်အတွင်းတွင်ပင် ကြေညာလာဖို့ ရှိနေကြောင်း သိရပါတယ်။
ကျူပီအာအသင်းရဲ့ ပူးတွဲပိုင်ရှင်ဟောင်းအာမက်ဘာတီယာဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့က လီဗာပူးရှယ်ယာများကို ဝယ်ယူရန် ရက်သတ္တပတ်အတန်ကြာ ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။
ဘာတီယာရဲ့ ယောက္ခထီးက အိန္ဒိယသတ္တုလုပ်ငန်းရှင် လက်ရှ်မီးမစ်တယ် ဖြစ်ပြီး ပေါင် ၂၃ ဘီလျှံကြွယ်ဝချမ်းသာသူ ဖြစ်ပါတယ်။
လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရန် ကြိုးပမ်းတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် Facebook အား ပူးတွဲတည်ထောင်သူ အက်ဝတ်ဒိုဆာဗီရန်လည်း ပါဝင်တယ်လို့ သတင်းထွက်ထားပါတယ်။
လီဗာပူးဟာ ရှယ်ယာရောင်းချရေး ပြုလုပ်ပြီးပါက ကလပ်မှာ ကမ္ဘာအနှံမှ ဘီလျှံနာများ ရင်းနှီးမြှပ်နှံလာတဲ့ ကလပ်ဖြစ်လာပါမယ်။
ဘေးဇို့စ်မှာ ပေါင် ၂၁၃ ဘီလီယံ ကြွယ်ဝချမ်းသာက ကမ္ဘာ့တတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ ဆာဗီရန်မှာလည်း ပေါင် ၂၅ ဘီလီယံကြွယ်ဝချမ်းသာကာ ဘရာဇီးတွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။
ယင်းရင်းနှီးမြှပ်နှ့ရေးအဖွဲ့ဟာ အစောပိုင်းတုန်းက လီဗာပူးရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းအား ပေါင် ၁.၃၅ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ၎င်းတို့ဟာ လီဗာပူးကို ပေါင် ၄.၄ ဘီလီယံတန်ဖိုးသတ်မှတ်ကာ ဝယ်ယူရေး ကြိုးပမ်းလာတာပါ။
ဟင်နရီနှင့် Fenway Sports Group (FSG) ဟာ အမေရိကန်သန်းကြွယ်သူဌေး တွမ်ဟစ်ခ်နှင့် ဂျော့ဂျီးလက်တို့ လက်အောက်တွင် ဘဏ္ဍာရေးပြဿနာကြုံနေတဲ့ လီဗာပူးအား ပေါင်သန်း ၃၀၀ ဖြင့် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။