ကမ္ဘာ့စံချိန်တင် ပြည်တွင်းလိဂ်ပွဲ ၁၀၈ ပွဲ ရှုံးပွဲမရှိသေးတဲ့ မလေးရှားချန်ပီယံကို ကံကောင်းပြီး မရှုံးနိမ့်ခဲ့တဲ့ အလွန်ဆိုရဲ့ ချဲလ်ဆီး
===================

ချဲလ်ဆီးဟာ အရှေ့တောင်အာရှရာသီကြိုခရီးစဉ်အား အဆိုးရွားဆုံးပုံစံဖြင့် ကန့်လန့်ကာ ချရမယ့်အရေးမှ ကပ်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ မလေးရှားချန်ပီယံ Johor Darul Ta’zim နှင့် ၃ ဂိုးစီသရေကျခဲ့တာလည်း ဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ပွဲချိန်အတွင်း ၃ ဂိုးစီသရေကျနေမှုနှင့်အတူ ပင်နယ်တီ အဆုံးအဖြတ် ဆက်ကန်ဦးမယ်လို့ ယူဆခဲ့ရပေမယ့်လည်း ဆက် မကန်ခဲ့ပါဘူး။
ယခုပွဲစဉ်မှာ Johor Darul Ta’zim ဟာ ပွဲချိန် ၁၄ မိနစ်မှာ အေရစ်ဖ်အေမန်ရဲ့ အနီးကပ် ကန်သွင်းယူတဲ့ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလို ချဲလ်ဆီးဟာ လီယမ်ဒီကလပ်ရဲ့ သူ့ကြောင့် ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်းပြီး သွင်းယူတဲ့ ဂိုးဖြင့် ချေပဂိုးရခဲ့ပါတယ်။
ယင်းနောက် ဒုတိယပိုင်းမှာ ချဲလ်ဆီးဟာ ဂျေမီဂတ်တီကြောင့် ရရှိတဲ့ ပင်နယ်တီကနေ လီယမ်ဒီလပ်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် Johor Darul Ta’zim ဟာ အော်စကာအာရီဘစ်ရဲ့ ဖရီးကစ်ဂိုးဖြင့် ပြန်လည်ချေပဂိုးရခဲ့ပါတယ်။ ပွဲပြီးဖို့ ၄ မိနစ်အလိုမှာ ဘတ်ဆင်က Johor Darul Ta’zim အတွက် ဦးဆောင်ဂိုးသွင်းခဲ့လို့ အနိုင်ရပြီလို့ ယူဆခဲ့ရပါတယ်။
ဒါပေယ့် ချဲလ်ဆီးဟာ ခရစ္စတီယန်ဂလူဒါရဲ့ OG ဂိုးကြောင့် ကံကောင်းထောက်မစွာ ချေပဂိုး ရခဲ့ပါတယ်။
ချဲလ်ဆီးဟာ အေစီမီလန်နှင့် ရင်ဆိုင်ပြီး ၂၄ နာရီအကြာမှာပင် Johor Darul Ta’zim နှင့် ဆက်လက် ရာသီကြိုခြေစမ်းပွဲ ကစားခဲ့တာ ဖြစ်ပြီး ပွဲထွက်လူစာရင်းကို လုံးဝ အပြောင်းအလဲလုပ် ခင်းကျင်းခဲ့ပါတယ်။
Johor Darul Ta’zim ဟာ ၂၀၂၁ ခုနှစ်ကတည်းက ပြည်တွင်းလိဂ်တွင် ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးရှုံးပွဲမရှိ မှတ်တမ်းဖြစ်တဲ့ ၁၀၈ ပွဲမှတ်တမ်းကို လိုက်မီထားတဲ့အသင်း ဖြစ်ပါတယ်။
၎င်းတို့ဟာ မကြာမီ မလေးရှားလိဂ်စတင်လာချိန်မှာ ကမ္ဘာ့စံချိန်သစ်ရေးထိုးလာနိုင်ဖို့ ရှိနေတဲ့အသင်းလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာရှချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့အထိ တက်ခဲ့တဲ့ ဒီအသင်းမှာ အမှုဆောင်ချုပ်အဖြစ် လီဗာပူးနှင့် စပိန်ကစားသမားဟောင်းဂါစီယာက ဆောင်ရွက်နေပါတယ်။

image