ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လီယွန်နယ်မက်ဆီကို အသေခံဗုံးခွဲရန် ခြိမ်းခြောက်ခဲ့သလို ရော်နယ်ဒိုကိုလည်း ဟိုတယ်တွင် နှောင့်ယှက်မှုများ ရှိကြောင်း ရဲမှတ်တမ်းများအရ သိရှိရ
==================
ပေါက်ကြားလာတဲ့ တုန်လှုပ်ဖွယ် ရဲမှတ်တမ်းများအရ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အသေခံဗုံးခွဲရန် ဆိုးရွားစွာ သတိပေးမှုများ ရှိခဲ့ပြီး လုံခြုံရေးပိုင်း အကြီးအကျယ်ခြိမ်းခြောက်မှု ကြုံခဲ့ရကြောင်း သိရပါတယ်။
Informacion.es က မြင်တွေ့လိုက်တဲ့ မှတ်တမ်းများအရ အာဂျင်တီးနားအသင်းမှာ အဓိက ပစ်မှတ်ထားခြင်းခံခဲ့ရကြောင်း တွေ့ရပါတယ်။
ဂျော်ဒန်နှင့်ပွဲမတိုင်မီ လူတစ်ဦးက ဒဲလ်လက်စ်လေဆိပ်သို့ ဖုန်းခေါ်ဆိုပြီး ၎င်းနှင့် အခြားလူနှစ်ဦးတို့မှာ ကွင်းအတွင်း အိမ်လုပ်ဗုံးများ၊ AR-15 သေနတ်တို့ဖြင့် ဝင်ရောက် တိုက်ခိုက်မယ်လို့ အကြောင်းကြားခဲ့ပါတယ်။
ယင်းအသေခံဗုံးခွဲမှုက နှစ်ဖက်ကစားသမားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားနေတာ ဖြစ်ပေမဲ့လည်း ၎င်းတို့ရဲ့အဓိကပစ်မှတ်က လီယွန်နယ်မက်ဆီအား လုပ်ကြံရန် ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အာဂျင်တီးနားနှင့် အီဂျစ်တို့ရဲ့ ပွဲစဉ်ကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။
အကြမ်းဖက်သမားလို့ သံသယဝင်ခံရသူတစ်ဦးက "အတ္တလန္တာကွင်းထဲ ဝင်မယ်။ ခန္ဓာကိုယ်မှာ ဗုံး ၄ လုံးပတ်ပြီး မက်ဆီကို ခွဲမယ်"လို့ X တွင် ရေးသားခဲ့ပါတယ်။
ပွဲအတွင်းတွင် အခြားလူတစ်ဦးကလည်း ကွင်းပွဲကြည့်စင်မှ အမှိုက်ပုံးများတွင် ဗုံး ၃ လုံးချန်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်ထံ အကြောင်းကြားခဲ့ပါသေးတယ်။
ယင်းအဖြစ်အပျက်ကြောင့် ဗုံးအထူးတပ်ဖွဲ့နှင့် အနံ့ခံခွေးများ ကွင်းနေရာအနှံ့ပိတ်စိတ်တိုက်ရှာဖွေမှု ပြုလုပ်ခဲ့ရပါတယ်။
မက်ဆီရဲ့ ပြိုင်ဘက် ခရစ္စတီယာနိုရော်နယ်ဒိုမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တိုက်ခိုက်ခြင်းခံရမှာ စိုးရိမ်ခဲ့ရပါတယ်။
သံသယရှိသူတစ်ဦးက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ကမ္ဘာဖ့လားပြိုင်ပွဲအတွင်း တည်းခိုမယ့်နေရာအချက်အလက်များကို မေးမြန်းခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ရော်နယ်ဒိုရဲ့စူပါပရိသတ်တစ်ဦးဟာ ကစားသမားတည်းခိုရာဟိုတယ်သို့ ဝင်ရောက်ပြီးနောက် သူနဲ့အတူ ဓာတ်လှေကားအတူစီးရန် ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်များက ယင်းလူကို လက်ထိပ်ခတ်ဖမ်းဆီးခဲ့ပြီး ယင်းလူက ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Selfie ဓာတ်ပုံရိုက်ကူးလိုခြင်းမျှသာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။