စစ်ပွဲရပ်ပြီး ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA ထွက်ပေးဖို့ ရှမ်းနီပါတီ တောင်းဆို
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေခြင်းကို လုံးဝ ရပ်တန့်ပေးဖို့နဲ့ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့တွေကနေ KIO/KIA တို့ ခြွင်းချက်မရှိ ထွက်ပေးဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီက မနေ့ ဩဂုတ် ၁၀ ရက်နေ့ ရက်စွဲနဲ့ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဲဒီ ထုတ်ပြန်ချက်ထဲမှာ စစ်ရှောင်အများစု နေထိုင်ကြတဲ့ ရွှေကူမြို့ကို စားနပ်ရိက္ခာတွေ ပို့မရအောင် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးဖို့၊ မည်သည့် အမုန်းတရားမျှ ဖန်တီးလုပ်ဆောင်ခြင်း မပြုဘဲ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးကို ရှေးရှုကာ ပြည်သူလူထုအပေါ် စိတ်ရင်းစေတနာမှန်နဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ KIO/KIA ကို တောင်းဆိုထားတဲ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုတရပ်လုံး ပါဝင်တဲ့ ပြည်သူ့လုံခြုံရေးကို စနစ်တကျ စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
“ကျွန်တော်တို့ သူတို့ (KIO/KIA) ကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ပြောတဲ့ သဘောထားပါ။ အချက် သုံးချက်ကတော့ KIA အတွက်ပေါ့။ နောက်ဆုံးတချက်ကတော့ အစိုးရကနေ ပြည်သူ့လုံခြုံရေး ဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ။ ရွှေကူကိစ္စဆိုရင်လည်း ရွှေကူမှာနေထိုင်ကြတဲ့ ပြည်သူလူထုက စစ်တိုက်တဲ့သူတွေ မဟုတ်ဘူးလေ။ ရွှေကူမြို့မှာ လုံခြုံရေးလုပ်နေတဲ့ တပ်မတော်တွေက သူတို့ရိက္ခာ ပြည့်ပြည့်စုံစုံ ရှိပြီးသား။ KIA က ရွှေကူမြို့ကို စားနပ်ရိက္ခာအဝင် ပိတ်တယ်ဆိုတဲ့ကဏ္ဍက ပြောရမယ်ဆို ပြည်သူကို မနေနိုင်အောင် ပိတ်ဆို့တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်” လို့ ရှမ်းနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
ဒါအပြင် KIO/KIA တို့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတာဟာ တနှစ်ကျော်၊ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ပြီး တိုက်ပွဲအတွက် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ PDF တွေကို ဆင့်ခေါ်ခဲ့တဲ့အပြင် ဒေသခံ တိုင်းရင်းသားလူမျိုးတွေကိုပါ အတင်းအကြပ် ဖမ်းဆီးကာ အင်အားစုဆောင်းပြီး ဗန်းမော်စစ်မြေပြင်ကို စေလွှတ်တာတွေ ရှိနေတာကြောင့် တိုင်းရင်းသားလူငယ် အများအပြား စစ်မြေပြင်မှာ သေကြေနေကြရကာ တချို့ကတော့ မသန်စွမ်းဘဝကို ရောက်ကြရတယ်လို့ ဆိုပါတယ်။
“ဗန်းမော်မြို့ကို တိုက်နေတာ နှစ်နှစ်နီးပါး ရှိသွားပြီ။ နိုင်အောင် တိုက်နိုင်တာလည်း မဟုတ်ဘူး။ ဒီနေ့အထိ မြို့ကို မသိမ်းနိုင်သေးဘူး။ အဲဒီတော့ ဒီစစ်ပွဲက ပြည်သူတွေရဲ့အသက်ကို ထိုးကျွေးသလို ဖြစ်ပါတယ်။ နောက်တချက်က လူငယ်လူရွယ်တွေရဲ့ ဘဝတွေကို အဲဒီမှာ အဆုံးသတ်ခိုင်းသလို ဖြစ်ပါတယ်။ နောက်တချက်က တိုင်းရင်းသားတွေကို သူတို့က ဗန်းမော်စစ်ပွဲမှာ သေတွင်းထဲပို့သလို ဖြစ်နေပါတယ်။ ဒါက ဂျီနိုဆိုက်တမျိုးပါပဲ။ ဒါကြောင့် အဲဒီ စစ်ပွဲကိုလည်း ရပ်တန့်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ပွဲ ရပ်တန့်ပေးမှသာ ရွှေကူ၊ မန္တလေး၊ ရန်ကုန်မြို့တွေနဲ့ တခြားနယ်မြို့ ကျေးရွာတွေမှာ ပြန့်ကျဲပြီး စစ်ဘေးရှောင်နေကြရတဲ့ မိုးမောက်၊ မံစီ၊ ဗန်းမော်မြို့က ဒေသခံတွေလည်း ကိုယ့်မြို့၊ ကိုယ့်ရွာကို ပြန်ခွင့်ရမှာဖြစ်တာကြောင့် ပြည်သူ့အကျိုးကို အမှန်တကယ် လိုလားပါက စစ်ပွဲရပ်ပြီး အားလုံး ပြန်ဆုတ်ခွာပေးစေချင်တယ်လို့ သူက ပြောပါတယ်။