ရေကြီးတာ ခုတုံးလုပ် ပြည်တွင်းဆန်စျေးကွက်စျေးတက်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရေကြီးမှုဂယက်ကြောင့်ဆိုပြီး ပြည်တွင်းဆန်စျေးကွက်ထဲမှာ ဆန်အမျိုးအစားအားလုံး စျေးနူန်းဆက်တိုက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
လက်ရှိဩဂုတ်လမှာ ဆန်အမျိုးအစားအလိုက် တအိတ်ကို ၅၀၀၀ ကျပ်ကနေ ၂၅၀၀၀ ကျပ်လောက်အထိ စျေးနူန်းမြင့်တက်လာနေပါတယ် ။
ဆန်စပါးအဓိက စိုက်ပျိုးထွက်ရှိတဲ့ ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်းတွေမှာ ရေကြီးမှုဖြစ်နေတာကြောင့် စပါးဝယ်ယူရခက်နေပြီး ဆန်အဝင်နည်းလာတဲ့အတွက် ဆန်စျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။
ရန်ကုန် ဆန်လက်ကားရောင်းဝယ်ရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်က
" အဓိကတော့ စပါးခင်းတွေရေနစ်နေတာ နဲ့ စပါးရှားလာတာကြောင့်ပါ ။ ရန်ကုန်ကို ဆန်အဝင်လည်းနည်းလာပြီ။ အခုကိုယ်က ပြန်ဝယ်ရရင် ဆန်က တက်စျေးဖြစ်နေပြီ။ ဒါကြောင့် ကျွန်တော်ပြောတာ ခုချိန် လက်ထဲရှိတဲ့ဆန်မရောင်းရင် မရှုံးဘူး ။ ရောင်းလိုက်ရင် ရှုံးပြီ။ ဘာလို့ဆို ခုဖြစ်နေတဲ့စျေးတွေ ကိုယ်ရောင်းတဲ့စျေးထက်ပိုနေတာလေ။ အဲဒီတော့ လက်ကျန်ဆန်ရှိသလောက်ကို စျေးထိန်းရောင်းပေးတယ်။ကုန်ရင်တော့ တက်စျေးပဲရောင်းနိုင်တော့မှာ ။ " လို့ ပြောပါတယ်။
ရန်ကုန်စျေးကွက်မှာ အခုဩဂုတ်လ ၁၀ ရက်နေ့ ဆန်အမျိုးအစားအလိုက်ပေါက်စျေးက White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၅၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၂၁၀၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၂၀၇၀၀၀ ကျပ်၊ ကုန်းဇောင်ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၉၅၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၈၇၀၀၀ ကျပ်၊
ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
ပုသိမ်ပေါ်ဆန်းထူးထူးရှယ် နဲ့ မြောင်းမြပေါ်ဆန်းထူးထူးရှယ်က ၁၇၇၀၀၀ ကျပ်၊ ကျားပျံထူးထူးရှယ်နဲ့ ဖျာပုံပေါ်ဆန်းထူးထူးရှယ်က ၁၇၆၀၀၀ ကျပ် ၊ မြောင်းမြဧရာပဒေသာက ၁၅၅၀၀၀ ကျပ် ၊
ရွှေဝါထွန်းက ၁၅၀၀၀၀ ကျပ် ၊ ဧရာဝတီမဂျမ်းရှယ်က ၁၂၈၀၀၀ ၊ အညာသားရှယ် ၁၂၃၀၀၀ ကျပ် ၊ ပခမ်းရှယ်က ၁၂၀၀၀၀ ၊ ဆင်းသွယ်ရှယ်က ၁၁၉၀၀၀ ကျပ် ၊ ရက် ၉၀ ရှယ်က ၁၁၇၀၀၀ ကျပ်၊ မနော်သုခရှယ်.၁၁၀၀၀၀ ကျပ် နဲ့ ဇီယာရှယ်က ၉၈၀၀၀ ကျပ် စျေးပေါက်နေပါတယ်။
အခု ရန်ကုန်ဆန်စျေးကွက်မှာ စျေးနူန်းမြင့်တက်လာတဲ့ ဆန်အမျ်ုးအစားတွေဟာ ဧရာဝတီတိုင်း နဲ့ စစ်ကိုင်းတိုင်းက ထွက်ရှိတဲ့ ဆန်အမျိုးအစားတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်လောက်ကဆိုရင် White hand ရွှေဘိုပေါ်ဆန်းတအိတ်ကို ၂၂၀၀၀၀ ကျပ်၊ သီတာမဂျမ်းတောအထူးထုတ်က ၁၈၅၀၀၀ ကျပ်၊ ဝန်ကြီးဧရာမင်းရှယ်က ၁၈၂၀၀၀ ကျပ်၊ ကုန်းဇောင်ဧရာပဒေသာက ၂၀၅၀၀၀ ကျပ်၊ ဝက်လက်ရွှေဘိုက ၁၈၇၀၀၀ ကျပ် ၊ M + ရွှေဘိုက ၁၇၈၀၀၀ ကျပ်၊
ဧရာဝတီရွှေဘိုထူးထူးရှယ်က ၁၇၃၀၀၀ ကျပ်သာ စျေးရှိခဲ့ပါတယ်။

image