တိုက်ဖွန်းဒေါ်လ်ဖင်န် တရုတ်အရှေ့ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်
ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် အားအပြင်းဆုံး အပူပိုင်းမုန်တိုင်းဖြစ်သည့် တိုက်ဖွန်းဒေါ်လ်ဖင်န်သည် တနင်္ဂနွေနေ့တွင် နိုင်ငံအရှေ့ပိုင်းကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်စေသဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု သတိပေးချက်များ ကို ထုတ်ပြန်ထားသည်။
တိုက်ဖွန်းသည် ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး လူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကာ အဆောက်အအုံ ၅၀,၀၀၀ ကျော်ကို လျှပ်စစ်ဓာတ်အားပြတ်တောက်စေခဲ့သည်။
ဒေါ်လ်ဖင်န်သည် တနင်္ဂနွေနေ့ ညနေ ၅ နာရီခွဲခန့်တွင် အရှေ့ပိုင်း ကျဲကျန်းပြည်နယ် ယူဟွမ်မြို့အနီးမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြောင်း တရုတ်မိုးလေဝသအာဏာပိုင်များက ပြောကြားခဲ့သည်။
ကုန်းတွင်းပိုင်းတွင် မုန်တိုင်း၏ ဗဟိုချက်အနီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၅၁ ကီလိုမီတာရှိပြီး Saffir Simpson စကေးအရ အမျိုးအစား ၁ ဟာရီကိန်းနှင့် ညီမျှသည်။
အာဏာပိုင်များသည် ကမ်းလွန်လုပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး သင်္ဘောများ ကို ဆိပ်ကမ်းပြန်ကပ်ရန် ညွှန်ကြားခဲ့သကဲ့သို့ ရေလှောင်ကန်များ၊ တောင်ကျချောင်းများ၊ မြေပြိုမှုအဖြစ်များသော နေရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ကမ္ဘာလှည့်ခရီးသွားနေရာများတွင် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ကျဲကျန်း၊ ရှန်ဟိုင်း၊ ဖူကျန်မြောက်ပိုင်၊ ကျန်းရှီအရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်း၊ အန်ဟွေတောင်ပိုင်းနှင့် ကျန်စုပြည်နယ်နေရာ အများစုတွင် သြဂုတ်လ ၁၀ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားသည်။ ကျဲကျန်းပြည်နယ်၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဒေသအချို့တွင် မိုးရေချိန် ၂၅၀ မှ ၅၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
နိုင်ငံအရှေ့ပိုင်းတစ်လွှားတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်ခဲ့ပြီး လူပေါင်း တစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။
ရှန်ဟိုင်းတွင် လူပေါင်း ၃၀,၃၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည့်အပြင် လေယာဉ်ခရီးစဉ် ၁,၅၀၀ ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း လေယာဉ်ခြေရာခံ VariFlight ၏ အဆိုအရ သိရသည်။