ထိုင်းအစိုးရရုံးတစ်ခုအတွင်း သေနတ်သမားက ပစ်ခတ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဆင်ခြေဖုံးရှိ ဒေသဆိုင်ရာအစိုးရရုံးတစ်ခုတွင် တနင်္လာနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားကို ဖမ်းဆီးရမိထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။ ထိုပြည်နယ်ရှိ စာသင်ကျောင်းတွင် ဆယ်ကျော်သက်တစ်ဦး၏ ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့သည်။
လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သည့် သံသယရှိသေနတ်သမားသည် ပြည်နယ်အကြီးတန်းအရာရှိနှင့် ၎င်း၏ယာဉ်မောင်းတို့ကို ပစ်ခတ်ခဲ့ကြောင်းနှင့် သေနတ်သမားကို ဖမ်းဆီးရမိထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲဗိုလ်ချုပ် ဒီဂျရာပီး ကွန်ဒီးက ပြောကြားခဲ့သည်။
“လူနှစ်ဦး ဒဏ်ရာရရှိပါတယ်။ သူတို့ကို ဆေးရုံတင်ပေးထားပါတယ်” ဟု ဒီဂျရာပီးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
ပြီးခဲ့သော သောကြာနေ့က အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် အဘိုးနှင့်အဘွားကို ပစ်ခတ်ပြီးနောက် Debsirin Nonthaburi ကျောင်းတွင် ပစ်ခတ်သတ်ဖြတ်မှုများလုပ်ဆောင်ခဲ့အပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့မှုတွင် လူကိုးဦး သေဆုံးခဲ့ကာ ၂၀ ကျော် ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်သည် လေးနှစ်နီးပါးအတွင်း အသေအပျောက်အများဆုံး လူအစုလိုက် ပစ်ခတ်မှုဖြစ်သည်။
သောကြာနေ့ ကျောင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် သေနတ်ထိန်းချုပ်မှုကို တင်းကျပ်မည့် ၎င်း၏ ရည်ရွယ်ချက်ကို ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ်က ထပ်လောင်းအတည်ပြုခဲ့သည်။ တနင်္လာနေ့တွင် ထိုင်းကျောင်းသားငယ်များ ကျောင်းပြန်တက်ခဲ့ကြပြီး အချို့သည် သတ္ထု့ရှာဖွေစက်များနှင့် အခြားစစ်ဆေးမှုများကို ခံယူခဲ့ကြရသည်။