စပါးစ်အသင်းခေါင်းဆောင်ရိုမီယိုကို ခေါ်ယူရန် အက်သလက်တီကို ဆွေးနွေးနေ
==================
အက်သလက်တီကိုဟာ စပါးစ်အသင်းခေါင်းဆောင်ခရစ္စတီယန်ရိုမီယိုအား ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်ထားပါတယ်။
အာဂျင်တီးနားလက်ရွေးစင်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကမှ ၄ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပေမဲ့လည်း ယခုနွေရာသီတွင် ထွက်ခွာလာမယ်လို့ ယုံကြည်ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအား ဒုတိယရရှိအောင် ၇ ပွဲကစားပြီး ကူညီခဲ့တဲ့ ရိုမီယိုကို အင်တာမီလန်ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။
ဒါပေမဲ့ ရိုမီယိုက အက်သလက်တီကိုနည်းပြဒီယေဂိုဆီမြွန်နီရဲ့ ကာလရှည်ပစ်မှတ်ထားခြင်းခံလာရသူ ဖြစ်ပါတယ်။
အက်သလက်တီကိုအနေဖြင့် စပါးစ်နှင့်သာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိလာပါက ကစားသမားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ ခက်ခဲလာမှာ မဟုတ်ပါဘူး။
စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီက အသင်းမှ ထွက်ခွာလိုတဲ့ ကစားသမားများကို တားဆီးမှာ မဟုတ်ကြောင်း လူသိရှင်ကြား ပြောကြားထားပြီး ဖြစ်ပါတယ်။
ဒူးဒဏ်ရာကြောင့် ရာသီသိမ်းပွဲများကို လွဲချော်ခဲ့တဲ့သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂ ကြိမ်တိုင်တိုင် အနီကတ်ပြသခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။