ကိုလ်ချက်စတာအား ဝယ်ယူ‌ရေး ပျက်ပြယ်ပြီးနောက် လိဂ် ၂ ကလပ်အား ဝယ်ယူရေး နီးစပ်နေပြီဖြစ်တဲ့ ချဲလ်ဆီးနှင့် မီလန်စတားဟောင်းပါတို
===================

ချဲလ်ဆီးနှင့် အေစီမီလန်တိုက်စစ်မှူးဟောင်းအလက်ဇန္ဒားပါတိုဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ နော်သမ်တန်အား ဝယ်ယူရေး အပြီးသတ်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ ပါတိုဟာ ချဲလ်ဆီး၊ အေစီမီလန်နှင့် ဘရာဇီးတို့တွင် ၁၇ နှစ်ကြာ ကျင်လည်ကစားပြီးနောက် ၂၀၂၃ ခုနှစ်တုန်းက ကစားသမားဘဝမှ အနားယူခဲ့သူ ဖြစ်ပါတယ်။
ယခုအခါ သူဟာ ဒေးဗစ်ဘက်ဟမ်း၊ NFL ဂန္ထဝင်တွမ်ဘရာဒီတို့ကဲ့သို့ပင် ဘောလုံးကလပ်ပိုင်ရှင်ဖြစ်ရေး ခြေလှမ်းသစ်များ လှမ်းနေပါတယ်။
ပါတိုဦးဆောင်တဲ့ Sports Alpha Capital အုပ်စုဟာ နော်သမ်တန်ရဲ့ အရေးပါတဲ့ ရှယ်ယာများအား ဝယ်ယူနိုင်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြလာပါတယ်။
ပါတိုဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ ယခုနှစ် အစောပိုင်းတုန်းက လိဂ် ၂ ကလပ် ကိုလ်ချက်စတာအား ဝယ်ယူရေး ကြိုးပမ်းခဲ့ဖူးပါတယ်။ ၎င်းတို့ဟာ ကလပ်ကို ဝယ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်ပြီးမှ နောက်ပိုင်းတွင် နောက်ဆုတ်သွားခဲ့ပါတယ်။
နော်သမ်တန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လိဂ် ၁ တွင် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်ကာ စတုတ္ထတန်းလိဂ် လိဂ် ၂ သို့ တန်းဆင်းခဲ့ရတဲ့အသင်း ဖြစ်ပါတယ်။
ပါတိုဟာ ၂၀၀၇ ခုနှစ်တုန်းက အေစီမီလန်သို့ ရောက်လာပြီးနောက် ဥရောပရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးအဖြစ် ကျော်ကြားခဲ့ကာ ပွဲ ၁၅၀ တွင် ၆၃ ဂိုးသွင်းပြီး ၁၈ ကြိမ် ဖန်တီးနိုင်ခဲ့ပါတယ်။
ဗီလာရီးရဲလ်စတားဟောင်းဟာ ၂၀၁၆ ခုနှစ်တုန်းက ချဲလ်ဆီးသို့ ရာသီဝက်အငှားဖြင့် လာရောက်ကစားခဲ့ဖူးပြီး ၂ ပွဲကစားခဲ့ရာမှာ ၁ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ပါတိုဟာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ဘရာဇီးအတွက် ၂၇ ပွဲကစားခွင့်ရရှိခဲ့ရာ ၁၀ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

image