ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒ-ဏ်ခံ EradiQuake Bearing တပ်ဆင်၍ ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်မည်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၈/၁) ရှိ ဒုဋ္ဌဝတီတံတားအသစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ငလျင်ဒ-ဏ်ခံ EradiQuake Bearing တပ်ဆင်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်မတိုင်မီ အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ ဒုဋ္ဌဝတီတံတားအသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ယနေ့ (ဩဂုတ် ၉ ရက်)နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးစဉ် ဒုတိယဝန်ကြီးက အဆိုပါတံတားအား Steel Box Girder နှင့် ကြိုတင်အားဖြည့် ကွန်ကရစ်ရက်မ အမျိုးအစားဖြင့် တည်ဆောက်နေခြင်းဖြစ်ပြီး Myanmar National Building Code 2025 ပါ ငလျင်ဒ-ဏ်ခံစံနှုန်းများအတိုင်း တွက်ချက်ထားကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပင်မတံတားတွင် EradiQuake Bearing နှင့် ချဉ်းကပ်တံတားတွင် High Damping Rubber Bearing (HDR များကို အသုံးပြုထားကာ အပြန်လမ်းဘက်မှ ၂ လမ်းသွားတံတားကို ၂၀၂၆ နှစ်ကုန်မတိုင်မီ အပြီးဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ စကားအင်းတိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံမှုများနှင့် တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အဝင်လမ်းပေါ်ရှိ ၈၀ ပေ တံတားအမှတ် (၃/၅) တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုပါ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။