မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့တို့တွင် မြစ်ရေမြင့်တက်မှု အထူးဂရုပြုကြရန်နှင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားနိုင်ရန် သတိပေး

ဩဂုတ် ၁၀ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းနှင့် ဒုဋ္ဌဝတီမြစ်ရေများသည် မြို့အချို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း မြစ်ရေများ ဆက်လက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြင်းမူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခွဲခန့် ဆက်လက်မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့အပြင် နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၃ လက်မခန့် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခွဲခန့် မြင့်တက်နိုင်သည်။
ချင်းတွင်းမြစ်ရေမှာ မုံရွာမြို့တွင် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရောက်ရှိနေသော်လည်း လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ပြန်လည်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်ရှိနေနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခန့် မြင့်တက်နိုင်ကြောင်း၊ စစ်တောင်းမြစ်ရေမှာလည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ပေဝက်ခန့် ရောက်ရှိနေပြီး တစ်ရက်အတွင်း ၃ လက်မခန့် မြင့်တက်နိုင်ကြောင်း သိရသည်။
အလားတူ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၃ ပေခွဲခန့်အထိ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်နိုင်ကြောင်း သိရသည်။
ထို့ကြောင့် မြင်းမူ၊ ညောင်ဦး၊ မုံရွာ၊ ဘားအံ၊ မဒေါက်နှင့် မြစ်ငယ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် မြစ်ရေမြင့်တက်မှုအခြေအနေကို အထူးဂရုပြုကြရန်နှင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားသည်။

image