ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း မိုင်တိုင် (၃၂၉) အနီး ရေကျော်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေကျော်လွန်မှု ဖြစ်ပွားလျက်ရှိသဖြင့် ကားလမ်းပိတ်ဆို့မှုမရှိစေရေးနှင့် သွားလာရေး အဆင်ပြေစေရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ မိုင်တိုင်အမှတ် (၃၂၉/၂) နှင့် (၃၂၉/၃) ဖာလုံကြား ကားလမ်းပေါ်သို့ ရေကျော်တက်နေကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ လမ်းကြောင်းရှင်းလင်းခြင်း၊ ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခြင်းများကို စနစ်တကျ လုပ်ဆောင်ပေးလျက်ရှိသည်။
မီးလောင်မှု၊ သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက် ဖြစ်ပွားသော အရေးပေါ် အခြေအနေများ ကြုံတွေ့ပါက မီးသတ်ဦးစီးဌာန၏ အရေးပေါ် Hotline ဖုန်း 191 သို့လည်းကောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (ကွပ်ကဲ) ဖုန်း ၀၁၈ ၆၆၆၉၁၂၊ ၀၁၈ ၆၆၆၉၁၃ နှင့် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) ဖုန်း ၀၂ ၄၀၂၁၀၈၄၊ ၀၉ ၃၄၀၃၂၀၂၀၂ တို့သို့ တိုက်ရိုက် ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။