အာဆင်နယ်မှ ဒိန်းမတ်ကွင်းလယ်လူနော်ဂတ်ကို အဲဗာတန် ခေါ်ယူလာ
===================
အဲဗာတန်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမားခရစ္စတီယန်နော်ဂတ်ကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူလာပါတယ်။
အဲဗာတန်ဟာ ဒိန်းမတ်ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးအား ကြေညာလာခြင်း မရှိပေမဲ့လည်း ပေါင် ၇ သန်းပေးခဲ့ရကြောင်း သိရပါတယ်။
နော်ဂတ်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက ဘရန့်ဖို့ဒ်မှ အာဆင်နယ်သို့ ပေါင် ၁၅ သန်းဖြင့် ပြောင်းခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၂၀ တည်းသာ ကစားခွင့်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့ပါတယ်။
အဲဗာတန်ဟာ ယခုနွေရာသီတွင် မစ်ဒယ်ဘရော့မှ အလယ်တန်းကစားသမားအေဒန်ဟက်နေးကို ပေါင် ၁၆.၅ သန်းဖြင့်လည်းကောင်း၊ ချဲလ်ဆီးမှ တောင်ပံကစားသမားတိုင်ရီကေးဂျော့ကို ပေါင် ၁၈ သန်းဖြင့် ခေါ်ယူအားဖြည့်ထားပြီးလည်း ဖြစ်ပါတယ်။
နော်ဂတ်ဟာ ဘရန့်ဖို့ဒ်တွင် ၆ ရာသီကြာ ကစားခဲ့စဉ်အတွင်း အရေးပါတဲ့ ကစားသမားအဖြစ် ၁၉၆ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်ဟာ အသင်းခေါင်းဆောင်ဆီးမပ်စ်ကိုးလ်မန်းနှင့် အသက် ၃၆ နှစ်ရှိ ဆီနီဂေါအလယ်တန်းကစားသမားအိုင်ဒရက်စ်ဆာဂူယီအား လက်လွှတ်ရပြီ့းနောက် အတွေ့အကြုံရင့် ကစားသမားခေါ်ယူလိုနေမှုနှင့်အတူ နော်ဂတ်အား ခေါ်ယူလာတာပါ။
အဲဗာတန်ဟာ ဩဂုတ်လ ၂၂ ရက်နေ့ စနေနေ့တွင် အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားရပါမယ်။