ငြိမ်းချမ်းရေးအတွက် NSPNC နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ တွေ့ဆုံ

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် စိတ်ဆန္ဒရှိဟု SSPP ဒုတိယဥက္ကဋ္ဌ(၃)စဝ်ဆေပိုင်ဖ ပြော
တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့ သြဂုတ် ၇ ရက်နံနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဒေသတွင်းမတည်ငြိမ်သည့် အခြေခံအကြောင်းရင်းများဖြစ်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို အဓိကပပျောက်စေလိုပြီး လက်နက်ကိုင်ပဋိပက္ခများမဖြစ်ရန်လိုကာ ပဋိပက္ခဖြစ်ပွားသည်နှင့် ဒေသတွင်းအရင်းအမြစ်များစွာဆုံးရှုံးရသည်ဟု ပြောကြားသည်။
ထို့ပြင် SSPP ဒုတိယဥက္ကဋ္ဌ(၃)စဝ်ဆေပိုင်ဖကလည်း SSPP အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရေးအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်နိုင်ရေး "မူ"ကို အစဉ်အမြဲကိုင်စွဲထားကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန် စိတ်ဆန္ဒရှိသည်ဟု ပြောသည်။
ငြိမ်းချမ်းရေးသည် မိမိတို့ပြည်ထောင်စုကြီးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ လက်ရှိရရှိထားသည့် အေးချမ်းတည်ငြိမ်မှုအား မပျောက်အောင်ဝိုင်းဝန်းဆောင်ရွက်ပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော်အားတည် ဆောက်နိုင်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်သူ လူထုဘဝဖွံ့ဖြိုးကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်းလုံးငြိမ်းချမ်းရေးရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအတွက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ဝမ်ဟိုင်းဒေသတွင် MPT အင်တာနက်လိုင်းများရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ၊ နယ်မြေကျော်လွန်ခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က SSPP မှတင်ပြသည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုးအတည်ပြုခဲ့ကြသည်။

image