20 နာရီ - ဘာသာပြန်ပါ။

လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၌ ကျောင်းသားကျောင်းသူ ၄၀၀ ထိ တိုးမြှင့်လက်ခံမည်

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)တွင် လာမည့်ပညာသင်နှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး လာမည့်နှစ်တွင် ကျောင်းသားကျောင်းသူ တိုးမြှင့်လက်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်)ကို လယ်ယာကဏ္ဍ အဓိကလုပ်ကိုင်လျက်ရှိသော ဒေသဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်ရည်ရွယ်၍ အသစ်တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို စတင်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
တက္ကသိုလ်တွင် အဆောက်အအုံများ အသစ်တည်ဆောက်ခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းစီမံခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်၌ ကျောင်းသား ၂၀၀ ဆံ့ နှစ်ထပ် အိပ်ဆောင်နှစ်လုံးနှင့် ကျောင်းသား ၄၀၀ ဆံ့ ထမင်းစားဆောင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ သုံးထပ်စာသင်ဆောင် တည်ဆောက်မည့် မြေနေရာများနှင့် လေးခန်းတွဲလေးထပ်အမှုထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာတို့ကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image